လူကာကူ အငှားကြေး သဘောတူညီမှု ရ၊ ကူကူရယ်လာ၊ ပရိသတ်တွေ ခေါ်စေချင်တဲ့ ကလပ်စ်နဲ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှုး လူကာကူ ကို အသင်းဟောင်း အင်တာမီလန်ထံ အငှားနဲ့ ပြန်လွှတ်ဖို့ အငှားကြေး သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးက အစောပိုင်း အငှားခ ယူရို သန်း ၂ဝ ထိ ရရှိလိုခဲ့တာ ဖြစ်ပေမယ့် အင်တာမီလန်က မပေးလိုတာကြောင့် ညှိနှိုင်းရင်း တစ်ရာသီ အငှားကြေး ယူရို ၈ သန်း (ပေါင် ၇သန်း)နဲ့ သဘောတူ လက်ခံခဲ့တာ ဖြစ်ပါတယ်။

လူကာကူ ကိုယ်တိုင်ကလည်း အသင်းဟောင်း အင်တာမီလန်ထံ အလွန် ပြန်သွားချင်တာကြောင့် ရှေ့နေပါ ငှားပြီး အပြောင်းအရွှေ့ ဖြစ်လာအောင် ဆောင်ရွက်ခဲ့တာ ဖြစ်ကာ လစာလည်း အင်တာမှာ လျှော့ယူမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ် နောက်ခံလူ ဒီလိုက်ချ်ကိုခေါ်ယူဖို့အတွက် လီဗာပူးနဲ့ ချဲလ်ဆီးတို့က အပြိုင်ကြိုးပမ်းနေကြကြောင်း အီတလီ သတင်းတွေက ဖော်ပြထားပါတယ်။ ချဲလ်ဆီးဟာ နွေရာသီ အပြောင်းအရွှေ့မှာနောက်တန်းကို အဓိက အင်အားဖြည့်တင်းလိုနေပြီး အေဂျက်ဇ်မှာ ကစားစဉ်ကတည်းက ဒီလိုက်ချ်ကို ရေရှည်ပစ်မှတ်ထားလာခဲ့တာပါ။

ချဲလ်ဆီး ကစားသမားဟောင်း တောင်ဆန်က မန်စီးတီးတိုက်စစ်ကစားသမား စတာလင်အနေနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့သင့်ကြောင်း၊ လက်ရှိအချိန်ဟာ စတာလင်အနေနဲ့ အပြောင်းအလဲ ပြုလုပ်ရမဲ့အချိန်ဖြစ်ကြောင်း၊ ချဲလ်ဆီးကို ပြောင်းတာက စတာလင်အတွက် ဆိုးရွားတဲ့ကိစ္စလို့ မထင်မြင်ကြောင်း မှတ်ချက်ပြု တိုက်တွန်းခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ဟာ ပြောင်းရွှေ့လိုတဲ့အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးလည်း ပါဝင်လျက်ရှိနေတယ်လို့ The Athletic ကေ ဖာ်ပြထားပါတယ်။ ရာဖင်ဟာအနေနဲ့ နွေရာသီ အပြောင်းအရွှေ့မှာ လိဒ်စ်ကနေ ထွက်ခွာလိုနေပြီး ချဲလ်ဆီးကလည်း သူ့ကိုခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။

ချဲလ်ဆီးအသင်းဟာ မန်စီးတီး ရဖို့ နီးစပ်နေတဲ့ ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ အက်ပီကျူတာ၊ အလွန်ဆိုတို့ရဲ့ အနာဂတ်မသေချာတဲ့ အနေအထားမှာ ချဲလ်ဆီး နည်းပြတူချယ်က အစွန်ခံစစ်ပိုင်းကို အင်အားဖြည့်တင်းလိုနေပြီး ကူကူရယ်လာကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ လော့တပ်ချိစ်ရဲ့ အေးဂျင့်က သူ့ကစားသမားအနေနဲ့ လာမဲ့ရာသီမှာ စီးရီးအေကလပ် လာဇီယိုထံ ပြောင်းရွှေ့ဖွယ်ရှိုနေတယ်လို့ အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ လာဇီယိုနည်းပြ ဆာရီကလော့တပ်ချိစ်ရဲ့ ပရိသတ်ဖြစ်ပြီး လော့တပ်ချပ်စ်အနေနဲ့လည်း စီးရီးအေကို ကြိုက်နှစ်သက်တယ်လို့ အေးဂျင့်ဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ အဲဗာတန်တိုက်စစ်မှူး ရီချာလီဆန်ကို ခေါ်ယူခဲ့ပါက အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အိုဒွိုင်း၊ ပူလီဆစ်၊ တီမိုဝါနာတို့ရဲ့ အနာဂတ်ကို ရိုက်ခတ်မှုရှိနိုင်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ ရာသီသစ် အတွက် တိုက်စစ်ပိုင်းကို ပြင်ဆင်မှုတွေ ပြုလုပ်လိုနေတာပါ။

ချဲလ်ဆီးပရိသတ်တွေအနေနဲ့ လန်းစ်နောက်ခံလူ ဂျိုနသန် ကလပ်စ် ကို အမြန်ဆုံးခေါ်ယူလိုက်ဖို့ အသင်းထံ တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။ ချဲလ်ဆီးဟာ ဘင်ချီဝဲလ်ရဲ့အရန်အဖြစ် ၂၉နှစ်အရွယ်ကစားသမားကို ပေါင် ၁၀ သန်းနဲ့ ကနဦးကမ်းလှမ်းထားပါတယ်။