နေမာကို ရောင်းတော့မယ့် ပီအက်စ်ဂျီ၊ စတာလင် ဂျေးဆု၊ တန်ဟက်ဆီ လာချင်တဲ့ အန်တိုနီနဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

မန်စီးတီးတိုက်စစ်ကစားသမား စတာလင်အနေနဲ့ သူ့အနာဂတ်နဲ့ပတ်သက်ပြီး ရေရေရာရာ ဆုံးဖြတ်ရသေးခြင်း မရှိဘူးလို့ BBC က ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ စတာလင်ကိုခေါ်ယူဖို့ ချဲလ်ဆီး၊ အာဆင်နယ်၊ ရီးရဲမက်ဒရစ်တို့က ပစ်မှတ် ထားနေပြီး အထူးသဖြင့် ချဲလ်ဆီးက အားစိုက်ကြိုးပမ်းနေပါတယ်။ စတာလင်ကတော့ ပုံမှန် ကစားခွင့်ရမဲ့ အသင်းကို ပြောင်းလိုနေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအနေနဲ့ သင့်တော်တဲ့ ကမ်းလှမ်းမှုရပါက တိုက်စစ်မှူး နေမာကို နွေရာသီအပြောင်းအရွှေ့မှာ ရောင်းထုတ် သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအနေနဲ့ အမ်ဘာပေကိုငွေကြေးများစွာနဲ့ စာချုပ်သက်တမ်း တိုးမြှင့် လိုက်တာက နေမာကို ထွက်ခွာစေဖို့ အကြောင်းဖန်စေခဲ့ပြီး နေမာကတော့ ထွက်ခွာလိုခြင်း မရှိပါဘူး။

ဘာစီလိုနာနည်းပြ ဇာဗီက အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ခြေလှမ်းပြင်နေတဲ့ ဒမ်ဘီလီကို သက်တမ်း တိုးနိုင်ဖို့ နောက်ဆုံးတစ်ကြိမ် ကြိုးပမ်းဖို့ ဘုတ်အဖွဲ့ကို တောင်းဆိုထားပါတယ်။ ဇာဗီက သူ့လက်အောက်မှာ ခြေစွမ်း ပြန်ပြလာတဲ့ ဒမ်ဘီလီကို အသင်းမှာ ဆက်ထိန်းလိုပါတယ်။

အေဂျက်တောင်ပံကစားသမား အန်တိုနီက သူ့အနေနဲ့ ဆရာရင်း တန်ဟတ်နဲ့အတူ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ထံ တစ်ပါတည်းလိုက်ပါ ပြောင်းရွှေ့လိုနေပါတယ်။ အန်တိနီ ဟာ မန်ယူနည်းပြသစ် တန်ဟတ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ မန်စီးတီးတို့ဟာ တိုက်စစ်မှူး ဂျေးဆု ရဲ့ အပြောင်းအရွှေ့အတွက် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ အချိန်အနည်းငယ် ယူရဖွယ်ရှိနေကြောင်း နာမည်ကျော် သတင်းထောက်ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ်ဟာ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ် နေပါတယ်။

လိဒ်စ်ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကီဗင်ဖီးလစ်ကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ ဗီလာနဲ့ ဝက်စ်ဟမ်းတို့ကလည်း စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ပါတယ်။၂၆ နှစ်အရွယ ်ကစားသမားဟာ လိဒ်စ်ကနေ ထွက်ခွာကာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတာပါ။

ရီးရဲမက်ဒရစ်တိုက်စစ်မှူး ဗင်နီဆီးယက်စ်က ပီအက်စ်ဂျီနဲ့ အပြောင်းအရွှေ့ ကောလဟာလတွေကို ငြင်းဆန်ခဲ့ပြီး သူ့အနေနဲ့ ရီးရဲမှာသာ ဆက်ရှိနေမှာလို့ ဆိုခဲ့ပါတယ်။ သူက ကမ္ဘာ့ပေါ်က အကောင်းဆုံး အသင်းမှာပဲ ဆက်ကစားမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ ရီးရဲနဲ့အတူ ဆုဖလားများစွာ ထပ်ယူသွားဦးမှာဖြစ်ကြောင်း ဗင်နီဆီးယက်စ်က ဆိုခဲ့ပါတယ်။