ဂျေးဆု သဘောတူညီမှု ရခြင်း၊ ဘယ်လာရင် ရာဘီအော့ဖ် အလဲအထပ်နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ စုစည်းမှု

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ပဲလေ့စ်ဥက္ကဋ္ဌဟောင်း ဆိုင်မွန်ဂျော်ဒန်က လိဒ်စ်အနေနဲ့ ရာဖင်ဟာအတွက် အာဆင်နယ်ကို ဈေးကိုင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အာဆင်နယ်က ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းရင်သန်း ၇၀ ဈေးကိုင် ရမှာဖြစ်ကြောင်း၊ ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းရင် သန်း ၈၀ တောင်းရမယ်လို့ အကြံပြုတိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်နည်းစနစ် ဒါရိုက်တာ အီဒူးက ပေါ်တိုကွင်းလယ်လူ ဗီယာရာကိုခေါ်ယူခဲ့ပြီးနောက် ဒီနွေရာသီ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားမိကြောင်း၊ သူတို့အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အလုပ် များစွာကြိုးပမ်း နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်မှုး ဂျေးဆု အတွက် မန်စီးတီးနဲ့ ကလပ်နှစ်သင်းကြား နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီ လို့လည်း သိရပါတယ်။ ဂျေးဆု အတွက်လည်း တစ်ပတ် လုပ်ခ ပေါင် ၂သိန်း ၂သောင်းကျော်နဲ့ ကမ်းလှမ်းထားကြောင်း လန်ဒန် သတင်းတွေက ဆိုပါတယ်။

အာဆင်နယ်က သူတို့ရဲ့ နောက်ခံလူ ဘယ်လာရင်နဲ့ ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီအော့ဖ်တို့ကို အလဲအထပ် ပြုလုပ်လို နေပါတယ်။ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို ဂျူဗင်တပ်က အလိုရှိနေပြီး ဒီအတွက် အာဆင်နယ်ဟာ ရာဘီအော့ဖ်ကို ပြန်လည် အလိုရှိနေပါတယ်။

အာဆင်နယ် အသင်းဟာ လူငယ်တိုက်စစ်မှူး အန်ကယ်တီယာကို စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး ကစားသမားကလည်း စာချုပ်သက်တမ်း တိုးမြှင့်ခံရဖို့ ထိုက်တန်သူဖြစ်ကြောင်း လိဒ်စ်ကစားသမားဟောင်း ဝီလန်က မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားက သူ့အနေနဲ့ အာဆင်နယ်မှာ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကို တွေ့မြင်လိုတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ရစ်ချာလီဆန်ဟာ ထိပ်တန်း ကစားသမားဖြစ်ကြောင်း၊ သူ့ရဲ့ စိတ်ဓာတ်ပိုင်း ပြင်းပြမှုကို ကြိုက်နှစ်သက်ပြီး အာတီတာရဲ့လက်အောက်မှာ တွေ့မြင်လိုကြောင်း ဝီလ်ရှိုင်းယားက ဆိုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က သူ့အသင်းဟောင်းအနေနဲ့ အသစ်ခေါ်ယူထားတဲ့ ဘရာဇီးကြယ်ပွင့် မာကွင်ဟို့စ်ကို အငှားချဖို့ တိုက်တွန်းခဲ့ပါတယ်။ မာကွင်ဟို့စ်ဟာ ဥရောပမှာ ပွဲ အတွေ့အကြုံရရှိရေး အတွက် ကစားချိန် လိုအပ်နေကြောင်း ကမ်းဘဲလ်က တိုက်တွန်းခဲ့ပါတယ်။