ဂျေးဆု ပြောင်းရွှေ့ကြေး သဘောတူညီမှုရခြင်း၊ တာဗာရက်စ်၊ ရာဖင်ဟာ၊ ရာဘီအော့ဖ်နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ် နောက်ခံလူ တာဗာရက်စ်ကို ခေါ်ယူဖို့အတွက် ပြင်သစ်ကလပ် မာဆေးအသင်းက ကြိုးပမ်းနေပါတယ်။ တာဗာရက်စ် ကို အတ္တလန္တာကလည်း အဓိက ပစ်မှတ်ထားနေပေမဲ့ မာဆေးဟာ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ ဆက်ဆံရေး ကောင်းတွေ ရှိတာကို အသုံးချပြီးခေါ်ယူဖို့ ဆွေးနွေးနေတာပါ။

ပဲလေ့စ် တိုက်စစ်မှူးဟောင်း မော်ရစ်ဆင်က အာဆင်နယ်အနေနဲ့ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်မှန်းထားရင်ရာဖင်ဟာကို ခေါ်ယူသင့်ကြောင်း၊ ရာဖင်ဟာက အာဆင်နယ်ကို နောက်တစ်ဆင့် ပိ့ုဆောင်ပေးမဲ့ ကစားသမားဖြစ်ကြောင်း မော်ရစ်ဆင်က ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မန်စီးတီး တိုက်စစ်မှုး ဂျေးဆု ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း အင်္ဂလန် အဓိက သတင်းဌာနကြီးတွေက ဖော်ပြလာပါတယ်။

ပဲလေ့စ်၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်းတို့မှာ ကစားခဲ့ဖူးတဲ့ ပေါ်တူဂီ ကစားသမား ဖွန်တီက ကွင်းလယ်လူ ဗီယာရာကို ခေါ်ယူလိုက်တာနဲ့ ပတ်သက်ပြီး အာဆင်နယ် ပရိသတ်တွေ စိတ်လှုပ်ရှားသင့်ကြောင်း၊ ဗီယာရာဟာ အရည်အသွေး ကောင်းတွေကို ပိုင်ဆိုင်ထားပြီး ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်ကွင်းလယ်လူ ရာဘီအော့ဖ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ပြောင်းရွှေ့ ကစားလိုနေတယ်လို့ The Telegraph က ဖော်ပြထားပါတယ်။ ရာဘီအော့ဖ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ စီစဉ်နေပြီး ဂျူဗီက သူ့အတွက် ယူရိုသန်း ၂၀ အလိုရှိနေပါတယ်။ အာဆင်နယ်ဟာ လတ်တလောမှာ ရာဘီအော့ဖ်ကို ဘယ်လာရင်နဲ့ အလိုက်ပေးပြီးခေါ်ဖို့လုပ်ဆောင်နေပါတယ်။

လိဒ်စ် ကစားသမားဟောင်း ဝီလန်က အာဆင်နယ်အနေနဲ့ လူငယ်တိုက်စစ်မှူး အန်ကယ်တီယာကို စာချုပ်သက်တမ်း တိုးမြှင့် ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ အန်ကယ်တီယာဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာ အာဆင်နယ်အတွက် ဂိုးတွေသွင်းပေးခဲ့ပြီး စာချုပ်သက်တမ်း တိုးမြှင့်ခံရဖို့ ထိုက်တန်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဝီလ်ရှိုင်းယားက စပါးတောင်ပံကစားသမားဟောင်း ဂါရတ်ဘေးလ်အနေနဲ့ လက်ရှိ အာဆင်နယ် အသင်းမှာဆိုရင် ပွဲကစားဖို့ နေရာရနိုင်မှာတောင် မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။