ဒိုလေးကို ချိတ်ဆက်ခြင်း၊ အပြောင်းအရွှေ့တွေမှာ ကိုယ်တိုင်ဝင်ပါနေတဲ့ ပိုင်ရှင်သစ်နဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီး ကစားသမား ဇီးယက်ချ်ရဲ့ အေးဂျင့်ဖြစ်သူဟာ အေစီမီလန်နဲ့ တိုက်ရိုက်တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေး နေပါတယ်။ ချဲလ်ဆီးကလည်း သင့်တော်တဲ့ ဈေး ရပါက ဇီးယက်ချ်ကို ရောင်းထုတ်သွားမှာဖြစ်ပြီး အေစီက သူ့ကို ကာလရှည် ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်နောက်ခံလူ ဒီလိုက်ချ်ကို ခေါ်ယူဖို့ တိုက်စစ်မူှုး တီမိုဝါနာကို အပြောင်းအရွှေ့ တစ်စိတ် တစ်ပိုင်းအဖြစ် အသုံးချသွားမှာပါ။ ချဲလ်ဆီးဟာ ဒီလိုက်ချ်အတွက် ယူရို ၄၅သန်းနဲ့ တီမိုဝါနာကို အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ချဲလ်ဆီးအသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုးလေဟာ ပေါ်တူဂီမှာ စီ ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့ပြီး ဒိုလေးကို ခေါ်ယူနိုင်ရေး မေးမြန်းခဲ့ကြောင်း သတင်းထွက်လာပါတယ်။ မန်ယူကတော့ ရော်နယ်ဒိုဟာ ရောင်းရန် မဟုတ် လို့ တုန့်ပြန်လာပါတယ်။

ဒါ့အပြင် ပိုင်ရှင်သစ် တော့ဒ်ဘိုးလေက အသင်း နောက်ခံလူ ရီစီဂျိမ်းစ်ကို အသင်းမှာ ဆက်လက် ထိန်းထားဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး က ဂျိမ်းစ်ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ကမ်းလှမ်းထားပြီး ရီစီဂျိမ်းစ်ကတော့ သက်တမ်းတိုးဖို့ အလောတကြီး ဆုံးဖြတ်သွားမှာ မဟုတ်ပါဘူး။ ပိုင်ရှင်သစ်ဟာ ချဲလ်ဆီး အပြောင်းအရွှေ့တွေမှာ ကိုယ်တိုင် ပါဝင် လှုပ်ရှားနေတာပါ။
ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီဟာ ချဲလ်ဆီးနည်းပြတူချယ်ရဲ့ ဦးစားပေးပစ်မှတ် ဖြစ်နေဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ ဒမ်ဘီလီကို ခေါ်ယူဖို့ရာ ရှုပ်ထွေးမှုတွေရှိနေပြီး ဘာစီနည်းပြ ဇာဗီကလည်း သူ့ကိုအသင်းမှာဆက်ထိန်းလိုနေကြောင်း နာမည်ကျော် သတင်းထောက် ဖလော်ရီယန်က ဖော်ပြထားပါတယ်။
အဲဗာတန် နည်းပြလမ်းပတ် ဟာ အသင်းဟောင်း ချဲလ်ဆီးရဲ့ကြယ်ပွင့် ကစားသမားတွေဖြစ်ကြတဲ့ ဂယ်လ်မောနဲ့ ဂယ်လင်ဟာတို့ နှစ်ဦးစလုံးကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလေးက အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ် (၆) ယောက် ခေါ်ယူပေးမယ် လို့ နည်းပြတူချယ်ကို ကတိပေးထားခဲ့ပါတယ်။ တူချယ်ဟာ အပြောင်းအရွှေ့ စရိတ် ပေါင်သန်း ၂၀၀ ရရှိမှာဖြစ်ပြီး ကစားသမားတွေကို ရောင်းချပြီး လိုအပ်တဲ့ ဘတ်ဂျက်ကို ရှာဖွေသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ သူတို့ရဲ့ နောက်ခံလူတွေဖြစ်ကြတဲ့ အက်ပီကျူတာနဲ့ အလွန်ဆိုတို့အတွက် ဘာစီလိုနာထံ ပေါင် ၁၃ သန်း တောင်းဆိုထားတယ်လို့ သိရပါတယ်။ အက်ပီကျူတာနဲ့အလွန်ဆိုနှစ်ဦးစလုံးက ဘာစီလိုနာက ခေါ်ယူလိုပေမဲ့ ဘဏ္ဍာရေးပိုင်းကြောင့် အခက်အခဲ ဖြစ်နေတာပါ။
မန်ယူ ကစားသမားဟောင်း ဂျွန်အိုရှေးက ချဲလ်ဆီးအနေနဲ့ အသင်းကနေ ထွက်ခွာမဲ့ လူကာကူရဲ့နေရာမှာ အဲဗာတန် တိုက်စစ်မူှး ရီချာလီဆန်နဲ့ အစားထိုးသင့်ကြောင်း၊ ပြီးခဲ့တဲ့ရာသီမှာ ရီချာလီဆန်ဟာ အကောင်းဆုံးပုံစံ မရခဲ့ပေမဲ့ အဲဗာတန်အတွက် အရေးပါတဲ့ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ကြောင်း၊ ရီချာလီဆန်ဟာ ချဲလ်ဆီးနဲ့ လိုက်ဖက်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။