ဒီဂျောင်ကို ရလုနီး ရှိပြီး ဒီလစ်၊ အန်တိုနီ၊ အဲရစ်ဆင်တို့ အခြေအနေ၊ ရာသီကြို ထရိန်နင် စတင်ခြင်းနဲ့ မန်ယူ သတင်းများ
မန်ချက်စတာ ယူနိုက်တက်ဟာ ဂျူဗင်တပ်အသင်းရဲ့ ဗဟိုနောက်ခံကစားသမား ဒီလစ်ကိုလည်း မန်ယူအသင်း ပစ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီလစ်ကို အေဂျက်မှာ ရှိစဉ်ကတည်းက မန်ယူ စောင့်ကြည့်လာခဲ့တာ ဖြစ်ပြီး နယ်သာလန်သားကို ချဲလ်ဆီးကလည်း ချိတ်ဆက်နေပါတယ်။
မန်ယူနည်းပြသစ် တန်ဟက်ကတော့ တနင်္လာနေ့မှာ ရာသီကြို ထရိန်နင်ကို ပြန်လည် စတင်လိုက်ပြီ ဖြစ်ပြီး အဲဒီနေ့ မနက် အစော ၈ နာရီတည်းက ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပါတယ်။
ကာရင်တန်ကို ရောက်လာပြီး စတင် ပူးပေါင်းကြတဲ့ မန်ချက်စတာ ယူနိုက်တက် စီနီယာ အသင်းသားတွေကတော့ ဒီဂီယာ၊ ရက်ဖို့ဒ်၊ ဆန်ချို၊ ဝမ် ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ ဗန်ဒီဘိခ်၊ မာရှယ်၊ ဖီးဂျုံးစ်နဲ့ ဘရန်ဒန် ဝီလီယံတို့ ဖြစ်ပြီး လူငယ်ကြယ်ပွင့် ဂနာချို ကိုလည်း တွေ့ရသလို အီသန်လာ့ဒ်၊ ရှိုလာနဲ့ အယ်ဗာရို ဖာနန်ဒက်စ်တို့ကိုလည်း တွေ့ရပါတယ်။

မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ တောင်ပံ တိုက်စစ်ကစားသမားလေး အန်တိုနီ အတွက် အေဂျက် အသင်းဟာ ပေါင် ၆၈.၈ သန်းအထိ အလိုရှိနေကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင် အတွက် သဘောတူညီမှုရဖို့ နီးစပ်နေပြီဖြစ်ကြောင်း စကိုင်းစပေါ့ သတင်းဌာနက ဖော်ပြလာပါတယ်။ မန်ယူက ပေါင် ၆၅ သန်း ပြောင်းရွှေ့ကြေး ပေးမှာဖြစ်ကာ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုအလိုက် ထပ်ဆောင်းပြောင်းရွှေ့ကြေး add-ons တွေ ထပ်ပေးရမဲ့ ကမ်းလှမ်းမှုနဲ့ သဘောတူညီမှုရသွားနိုင်ကြောင်း သိရပါတယ်။
မန်ယူအနေနဲ့ ဒီဂျောင်၊ အဲရစ်ဆင်တို့ အပြောင်းအရွှေ့တွေကို လက်စသတ်နိုင်ခဲ့ရင် အန်တိုနီ အတွက် ဆွေးနွေးသွားမှာ ဖြစ်ပြီး အေဂျက် သတ်မှတ်တန်ကြေးထက် လျော့နည်းတဲ့ ပမာဏတခုနဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ မဆုံးဖြတ်မီမှာ ရည်မှန်းချက် ဘယ်လောက် ကြီးမားသလဲ ဆိုတာကို သိရဖို့အတွက် ကစားသမားသစ် ခေါ်ယူမှုတွေကို စောင့်ကြည့်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။ ဒိန်းမတ်သားကို လက်ရှိအချိန်မှာ ဘရန့်သ်ဖို့ဒ်နဲ့ မန်ယူတို့က အပြိုင်ကမ်းလှမ်းထားပြီး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတာပါ။
အေဂျက်မှ ဗဟိုနောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်ကိုလည်း မန်ယူအသင်း ဆက်လက်ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီအပြောင်းအရွှေ့မှာတော့ အာဆင်နယ်အသင်းက ခြေလှမ်းဦးနေပြီး အာဂျင်တိုင်းသား အတွက် ပေါင် ၃၄ သန်းနဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းထားပါတယ်။
နာမည်ကျော်ဂျာနယ်လစ် အော်ရီရယ်က မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ စိတ်ဝင်စားဖွယ် ကမ်းလှမ်းမှုတွေ ရရှိထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ “စီရော်နယ်ဒိုရဲ့ အနာဂတ် ဘယ်လိုဖြစ်မလဲ ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ စိတ်ဝင်စားဖွယ် ကမ်းလှမ်းမှုတွေတော့ ရထားပါတယ်”လို့ အော်ရီရယ်က ဖွင့်ဟခဲ့ပါတယ်။