ရာဖင်ညာ သဘောတူညီမှု ရခြင်း၊ ဘယ်လင်ဟမ်၊ အဆန်စီရိုနဲ့ ခြေသွက်နေတဲ့ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ သတင်းများ

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာနဲ့ အာဆင်နယ်တို့ ပစ်မှတ်ထား ချိတ်ဆက်နေတဲ့ လိဒ်စ်ယူနိုက်တက် ကစားသမား ရာဖင်ညာ ကို ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းပြီး သဘောတူညီမှု ရခဲ့ပြီလို့ တယ်လီဂရပ်ဖ် သတင်းဌာနက ဆိုပါတယ်။

ရာဖင်ညာ က ဘာစီလိုနာသို့ ပြောင်းလိုခဲ့ပြီး လာလီဂါကလပ်က ငွေကြေးအခက်အခဲကြောင့် မကမ်းလှမ်းနိုင်ချိန် အာဆင်နယ်က ဘရာဇီးသားကို ရဖို့ ရေပန်းစားခဲ့ပေမယ့် ချဲလ်ဆီးက လက်ဦးမှုယူကာ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က မန်ယူတိုက်စစ်မှူး စီ ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ချဲလ်ဆီးရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ စီရော်နယ်ဒိုကိုခေါ်ဖို့ လုပ်ဆောင်နေတာက စီးပွားရေးတစ်ခုထက် မပိုကြောင်း၊ ချဲလ်ဆီးအတွက်တော့ စီရော်နယ်ဒိုက ကြီးမားတဲ့ Brand ဖြစ်ပြီး နှစ်ပတ်အတွင်းမှာပဲ ဂျာစီ ရောင်းချရမှုကနေ ပိုက်ဆံတွေပြန်ရနိုင်ကြောင်း ဂျွန်ဆင်က ဆိုခဲ့ပါတယ်။

အာဆင်နယ် ကစားမားဟောင်း ပေါလ်မာဆင် ပိုင်ရှင်သစ်တော့ဒ် ဘိုလေးလက်ထက်မှာ ချဲလ်ဆီးရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ထွက်ခွာသွားတာ စိုးရိမ်စရာ ကိစ္စဖြစ်ကြောင်း၊ ပီတာချက်နဲ့ မာရီနာတို့ဟာ ချဲလ်ဆီးအတွက် များစွာ ဆောင်ရွက်ခဲ့သူတွေ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လန်ဒန်မြို့ခံကလပ်တွေဖြစ်ကြတဲ့ ချဲလ်ဆီးနဲ့ စပါးတို့ဟာ တိုရီနိုနောက်ခံလူ ဘရီမာကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက် ရှိနေကြပါတယ်။ အဆိုပါ ဘရာဇီးနောက်ခံလူကို ခေါ်ယူဖို့ ဥရောပထိပ်သီးအသင်းတွေကပစ်မှတ်ထားနေကြပြီး ချဲလ်ဆီးကလည်း နောက်တန်းကို အဓိက အားဖြည့်လိုနေရာ ဘရီမာကို ကာလရှည်စောင့်ကြည့်လျက်ရှိနေတာပါ။

ဒေါ့မွန်ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲ ချဲလ်ဆီးလည်း ပါဝင်လာခဲ့ပါပြီ။ အဆိုပါ အင်္ဂလန်ကြယ်ပွင့်ဟာ ၂၀၂၃ ခုနှစ်မတိုင်ခင်အထိ ဒေါ့မွန်ကနေ ထွက်ခွာမှာမဟုတ်ဘဲ လာမဲ့နှစ်မှာ သူ့ကို ကြေးကြီးကြီးနဲ့အပြိုင်ခေါ်ဖို့ ဥရောပထိပ်သီးကလပ်တွေက အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။

ချဲလ်ဆီးအနေနဲ့ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ကွင်းလယ်လူ အဆန်စီယိုကို ခေါ်ယူဖို့ ပစ်မှတ် ထားလာခဲ့ပြီ ဖြစ်ကြောင်း စပိန်သတင်းဋ္ဌာန Sport က ဖော်ပြထားပါတယ်။ အဆန်စီယိုကို ခေါ်ယူဖို့ အေစီမီလန်၊မန်ယူ၊ အာဆင်နယ်တို့ကလည်း ပစ်မှတ်ထားနေပြီး ချဲလ်ဆီးဟာ အဆိုပါအသင်းတွေနဲ့ ပြိုင်ခေါ်ရမှာပါ။

ချဲလ်ဆီးနဲ့ လမ်းခွဲတော့မဲ့ နောက်ခံလူ ခရစ္စတန်ဆန်က သူ့အနေနဲ့ အသင်းကနေ ဘာကြောင့် ထွက်ခွာခဲ့သလဲဆိုတာ ရှင်းပြခဲ့ပါတယ်။ ချဲလ်ဆီးမှာ ကျင်လည်ခဲ့ရတဲ့ အခိုက်အတန့်တွေဟာ ခမ်းနားခဲ့ပေမယ့် စာချုပ်သစ် အတွက် ညှိနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် အသင်း ပြောင်းဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂျူဗင်တပ်က သူတို့ရဲ့နောက်ခံလူ ဒီလိုက်ချ် အတွက် တိုက်စစ်မှူး တီမိုဝါနာအပြင် ပေါင်သန်း ၆၀ အထိ ချဲလ်ဆီးထံကနေ တောင်းဆိုထားပါတယ်။ ချဲလ်ဆီးက နောက်တန်းအတွက် ဒီလိုက်ချ်ကိုအဓိက ပစ်မှတ်ထားနေပြီး ကနဦးက ဝါနာအပြင် ယူရိုသန်း ၄၀ နဲ့ ကမ်းလှမ်းရာမှာ အငြင်းခံခဲ့ရပါတယ်။

ချဲလ်ဆီးဟာ လိဒ်စ်ယူနိုက်တက်ကို ကျော်ဖြတ်ပြီး ဘရိုက်တန်ကြယ်ပွင့်နောက်ခံလူ Zak Sturge ကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ၁၈ နှစ်အရွယ် ကစားသမားဟာ ဘရိုက်တန်နဲ့စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ငြင်းဆန်ထားခဲ့ပြီး ချဲလ်ဆီးက ခေါ်နိုင်ဖို့ ရေပန်းစားနေတာပါ။