မာတီနက်ဇ်၊ ဂျေးဆု၊ ဘန်ဝှိုက်၊ မှတ်တမ်း ရုပ်ရှင်သစ်နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ စုစည်းမှု
အာဆင်နယ်အနေနဲ့ ၂၀၂၂-၂၃ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေ ပြုလုပ်ရာမှာ လူငယ်ကြယ်ပွင့်တချို့ကို ခေါ်ယူ လေ့ကျင့်စေနေပြီး ရာသီသစ်မှာ အခွင့်အရေး ပေးဖွယ်ရှိနေပါတယ်။ ပါတီနို၊ မီကွယ်အဇီးတိ့ု့ အပါအဝင် Salah-Eddine တို့ဟာ ရာသီကြို အစီအစဉ်တွေမှာ ပါဝင်နေပါတယ်။
အာဆင်နယ် အနေနဲ့ All or Nothing မှတ်တမ်း ရုပ်ရှင် အတွက် Amazon ထံကနေ ပေါင် (၁၀) သန်း ရရှိမှာ ဖြစ်တယ်လို့ Mirror က ဖော်ပြထားပါတယ်။ အာဆင်နယ်ရဲ့ All or Nothing စီးရီး Trailer ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင် ထုတ်လွှွင့်ခဲ့ပါတယ်။ All or Nothing documentary ဟာ စုစုပေါင်း အပိုင်း (၈) ပိုင်း ပါဝင်မှာဖြစ်ပြီး ပထမဆုံး (၃) ပိုင်းကို သြဂုတ်လ (၄) ရက်နေ့မှာ ထုတ်လွှင့်သွားမှာပါ။
မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်က ပေါ်တူဂီ ကစားသမားတစ်ဦးဖြစ်တဲ့ ဗီယာရာအနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ လာခြင်းကို ကြိုဆိုခဲ့ပြီး အာဆင်နယ်မှာ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ “သူက အရည်အသွေး ကောင်းတွေ ပိုင်ဆိုင်ထားပြီး အာဆင်နယ်မှာ တောက်ပလာမှာပါ။ ပေါ်တူဂီ ကစားသမားတွေအားလုံးကို ကျွန်တော် ကြိုဆိုပါတယ်” လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။

အာဆင်နယ် အဓိကပစ်မှတ်ထားနေတဲ့ အေဂျက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ အာဆင်နယ်ထက်စာရင် မန်ယူကိုသာ ပိုမိုပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မာတီနက်ဇ်အနေနဲ့ မန်ယူမှာ ဆရာရင်း တန်ဟတ်နဲ့ ပြန် လက်တွဲလိုနေပြီး မန်ယူမှာက သူ့အတွက် နေရာတစ်နေရာရှိတယ်လို့ မျှော်လင့်နေတာပါ။
ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်က အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ဟာ overrated ဖြစ်လွန်းတဲ့ ကစားသမား ဖြစ်ပြီး နည်းပြ အာတီတာ အနေနဲ့ လာမဲ့ရာသီမှာ ဆာလီဘာ ကိုသာ သုံးစွဲသင့်ကြောင်း၊ပြီးခဲ့တဲ့ရာသီ အဆုံးသတ်ပိုင်းမှာ ဘန်ဝှိုက်ဟာ အမှားတွေ ကျူးလွန်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်စီးတီး ကွင်းလယ်လူဟောင်း ဒီဒီယာဟော့မန်းက နည်းပြ ဂွါဒီယိုလာအနေနဲ့ တိုက်စစ်မှူး ဂျေးဆု ကို အာဆင်နယ်ထံ ရောင်းချလိုက်တာ မှားယွင်းတယ် လို့ ထောက်ပြ ဝေဖန်ခဲ့ပါတယ်။ ဟာလန်းက ဒဏ်ရာ ပြသနာ ရှိတတ်သူ ဖြစ်လို့ ဂျေးဆု ကို ဆက်ထိန်းသင့်တယ်လို့ ဟော့မန်းက ဆိုပါတယ်။

မန်ယူ တိုက်စစ်မှူးဟောင်း ဆာဟာက လက်စတာ ကွင်းလယ်လူ တိုင်လေမန့်စ် အနေနဲ့ အာဆင်နယ်ကိုငြင်းပယ်ပြီး မန်ယူကို ပြောင်းရွှေ့လာသင့်ကြောင်း ဆိုခဲ့ပါတယ်။ လက်ရှိမှာ အာဆင်နယ်အနေနဲ့ ကွင်းလယ်ပိုင်းအတွက် တိုင်လေမန့်စ်ကို ပစ်မှတ်ထားနေဆဲ ဖြစ်ကြောင်းသိရပါတယ်။
အာဆင်နယ် နောက်ခံလူ ဘယ်လာရင်က ဘက်တစ်ကလွဲပြီး တခြားအသင်းကို ပြောင်းရွှေ့လိုခြင်း မရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ဘယ်လာရင်ကို ဘက်တစ်က အလွတ်နဲ့သာ ခေါ်ယူလိုနေပြီး သူ့အတွက် ပြောင်းရွှေ့ကြေး မပေးလိုပါဘူး။ အာဆင်နယ်က ဘယ်လာရင် အတွက် စာချုပ် မဖျက်သိမ်းပေးလိုဘဲ ပြောင်းရွှေ့ကြေး အလိုရှိနေလို့ အခက်တွေ့နေပါတယ်။