ဖောရက်စ် ရောက်သွားတဲ့ ဟန်ဒါဆန်၊ မာလာစီယာ၊ ဒီယွန်း၊ အဲရစ်ဆင်တို့နဲ့ နောက်ဆုံးရ မန်ယူ အပြောင်းအရွှေ့ သတင်းများ
မန်ယူ ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ နော့တင်ဟမ် ဖောရက်စ် အသင်းထံ တစ်ရာသီ အငှား ကစားဖို့ ထွက်ခွာသွား ပြီ ဖြစ်ပါတယ်။ ဖောရက်စ်က ကစားသမားရဲ့ လုပ်ခလစာ တပတ် ပေါင် ၁ သိန်း ၁ သောင်းကို အပြည့်အဝ ပေးချေမှာ ဖြစ်ပြီး အငှားသဘောတူညီမှုမှာ အပြီး ခေါ်ဖို့ အချက် မပါဝင်ပါဘူး။
မန်ချက်စတာ ယူနိုက်တက်ဟာ ဖီယွန်နုမှ ဘယ်နောက်ခံကစားသမားလေး မာလာစီယာရဲ့ အပြောင်းအရွှေ့ အတွက် အေးဂျင့်ကိစ္စတွေအားလုံး ရှင်းလင်းသွားခဲ့ပြီဖြစ်သလို ပုဂ္ဂိုလ်ရေးသဘောတူညီမှုပါ ရယူထားနိုင်ပြီးဖြစ်တာကြောင့် ဒီ ရက်ပိုင်းအတွင်း အပြီးသတ်နိုင်ပါတော့မယ်။ နယ်သာလန်သားလေးကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး နှစ်ရှည်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ အေဂျက်စ်အသင်းရဲ့ ဗဟိုနောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းလိုက်ပါတယ်။ သေချာပေါက်ပေးမဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း၊ ထပ်ဆောင်း ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းနဲ့ ဖြစ်ပါတယ်။ အေဂျက်စ်အသင်းကတော့ ပေါင် ၄၃ သန်း ဈေးခေါ်ထားပြီး ၄၃ သန်း လုံးကို ထပ်ဆောင်းပြောင်းရွှေ့ကြေးတွေ မပါဘဲ ရချင်နေတယ်လို့ သိရပါတယ်။

ဘရန့်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ကိုလည်း မန်ယူအသင်း ခေါ်ယူနိုင်ဖို့ရာ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ မန်ယူဟာ ဒိန်းမတ်သားကို တပတ်လုပ်ခ ပေါင် ၁ သိန်းခွဲနီးပါး ပေးချေသွားမဲ့ လုပ်ခလစာမျိုးနဲ့ ဆွဲဆောင်ထားတာဖြစ်ပြီး အဲရစ်ဆင်က စဉ်းစားနေဆဲပါ။
မန်ယူ အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီယွန်းကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရသွားခဲ့ပြီ လို့ သိရပါတယ်။ နယ်သာလန်သားကို ချဲလ်ဆီးက ကြားဝင်ကြိုးပမ်းလာခဲ့ပေမဲ့လည်း အပြောင်းအရွှေ့ကို လျင်လျင်မြန်မြန် အပြီးသတ်နိုင်ဖို့ နီးစပ်လာတာ ဖြစ်ပါတယ်။

ဖူလ်ဟမ်အသင်းဟာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် မန်ယူအသင်းရဲ့ ဗဟိုနောက်ခံလူ အဲရစ် ဘိုင်လီကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းကလည်း အိုင်ဗရီကို့စ် သားကို ရောင်းထုတ်သွားဖို့ရာ ဆုံးဖြတ်ထားပြီး မရောင်းဖြစ်ခဲ့ရင်လည်း မဖြစ်မနေ အပြီးသတ် ခေါ်ယူခွင့်ပါဝင်တဲ့ အငှားနဲ့ လွှတ်သွားဖို့ ရှိနေပါတယ်။
ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းနဲ့ အငှားစာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ မန်ယူ ကွင်းလယ်ကစားသမား ပါရဲရားဟာ မိခင်ကလပ် မန်ယူအသင်းဆီ ပြန်လာခဲ့ရပြီ ဖြစ်ပါတယ်။ ကစားသမားဖြစ်သူကတော့ ဖလာမင်ဂိုအသင်းဆီ အပြီးသတ်ပြောင်းရွှေ့ချင်ခဲ့ပေမဲ့လည်း ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှုမရတာကြောင့် မန်ချက်စတာသို့ ပြန်လာခဲ့ရတာပါ။