ဒိုလေးကို ရဖို့ ရေပန်းစားလာခြင်း၊ ဇီယက်ချ်၊ စတာလင်၊ အကီတို့နဲ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ
အေစီမီလန်အသင်းဟာ ချဲလ်ဆီး တောင်ပံ တိုက်စစ်ကစားသမား ဇီးယက်ချ်ကို ခေါ်ယူဖို့ အားစိုက်ကြိုးပမ်း နေကြောင်း စကိုင်းစပေါ့ က ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ နွေရာသီမှာ တိုက်စစ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်မှာဖြစ်ပြီး ဇီးယက်ချ်ကို ထုတ်ရောင်းသွားဖို့ ပြင်ဆင်နေပါတယ်။
မန်စီးတီးအသင်းရဲ့ ဗဟိုနောက်ခံကစားသမား နေသန် အကီကို ခေါ်ယူဖို့လည်း ချဲလ်ဆီးက ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်နေဆဲပါ။ အကီက ချဲလ်ဆီးထံ ပြန်လိုတာကြောင့် ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရအောင် လုပ်ဖို့ပဲ လိုအပ်နေပါတယ်။
မန်ယူ ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒိုက ဒီနွေမှာ မန်ယူနိုက်တက်ကနေ ထွက်ခွင့်ပေးဖို့ တောင်းဆိုလိုက်ခြင်းကြောင့် ပေါ်တူဂီစတား ပြောင်းရွှေ့နိုင်တဲ့ ကလပ်တွေထဲမှာ ချယ်ဆီးက ထိပ်ဆုံးက ရေပန်းစားလာခဲ့ပြီဖြစ်ပါတယ်။

ချဲလ်ဆီးမှာ တောင်ပံတိုက်စစ် ကစားသမားသစ်တွေ ထပ်ရောက်ဖို့ ရှိနေတာကြောင့် လူငယ်တိုက်စစ်ကြယ်ပွင့်လေး ဟက်ဒ်ဆန် အိုဒွိုင်းရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်လာပါတယ်။ အသက် ၂၂ နှစ် အရွယ် အင်္ဂလန်သားဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် ဒီနွေမှာပဲ စတန်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာသွားနိုင်ပြီး စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေလည်း ရှိနေပါတယ်။
ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ ဗဟိုနောက်ခံလူ ဒီလစ်ကို ခေါ်ယူနိုင်ဖို့အတွက် ပထမဆုံးအကြိမ် ကမ်းလှမ်းမှု ပြုလုပ်တော့မယ် လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် နယ်သာလန်သားအတွက် ပေါင် သန်း ၆၀၊ ထပ်ဆောင်းကြေး တွေ ပါဝင်တဲ့ ကမ်းလှမ်းချက်နဲ့ ပထမဆုံးအကြိမ် ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းဟာ မန်စီးတီး တောင်ပံတိုက်စစ် ကစားသမား ရာဟင်း စတာလင်းကို ခေါ်ယူနိုင်ဖို့အတွက်တော့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှုရလုနီး ရှိနေပြီး ပေါင် ၄၅ သန်း၊ ထပ်ဆောင်း ကြေးတွေနဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံကစားသမား မားကို့စ် အလွန်ဆိုနဲ့ ပုဂ္ဂိုလ်ရေး သဘော တူညီမှုရဖို့ နီးစပ်နေပြီလို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။ ဘာစီလိုနာ ချဲလ်ဆီး အသင်းခေါင်းဆောင် အက်ပီလီကွေတာကိုလည်း ဒီနှစ်နွေအပြောင်းအရွှေ့မှာ ခေါ်ယူသွားနိုင်ဖို့ ကြိုးစားနေပါတယ်။
ဘာစီလိုနာ အသင်းဟာ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေပေမဲ့ လစာငွေ ၄၀ ရာခိုင်နှုန်းအထိ လျှော့ပေးလိုနေတာကြောင့် အဆင်မပြေဖြစ်နေဆဲပါပဲ။ ပြင်သစ်သားဟာ နည်းပြ တူဟချယ်လ်ရဲ့ ပစ်မှတ်စာရင်းထဲ ပါဝင်ပေမဲ့ ကစားသမားဖြစ်သူက တောင်းဆိုတဲ့ လုပ်ခ လစာကိုတော့ ပေးချေလိုခြင်း မရှိကြောင်း သိရပါတယ်။
လိဒ်ယူနိုက်တက် တောင်ပံ တိုက်စစ်ကစားသမား ရာဖင်ညာကို ခေါ်ယူနိုင်ဖို့အတွက်တော့ ချဲလ်ဆီးအသင်း အခြေအနေ မကောင်းတော့ပါဘူး။ ကစားသမားက ဘာစီလိုနာအသင်းဆီပဲ ပြောင်းရွှေ့ချင်နေတာ ဖြစ်တဲ့အတွက် ဘာစီလိုနာနဲ့ လိဒ်တို့ကြား သဘောတူညီမှု ရ မရ ဆိုတဲ့အပေါ်ပဲ အပြောင်းအရွှေ့က မူတည်နေတော့တာ ဖြစ်ပါတယ်။