ဆိုးရှား အကြောင်းပြုပြီး မန်ချက်စတာ ပြိုင်ဘက်တွေ မဖြစ်ခင်တည်းက ပြိုင်နေကြတဲ့ ဟာလန်းနဲ့ ဒီဂျောင်

မကြာခင်မှာ မန်ချက်စတာပြိုင်ဘက်တွေ ဖြစ်လာဖွယ်ရှိနေတဲ့ အာလင်း ဟာလန်းနဲ့ ဖရန်ကီ ဒီဂျောင်တို့ဟာ ကွင်းပြင် ပြိုင်ဆိုင်မှု အဖြစ် မန်ယူနည်းပြဟောင်း ဆိုးလ်ရှားရဲ့ နေအိမ်ကို ငှားရမ်းဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

ဟာလန်းဟာ မန်စီးတီးကို ဒေါ့မွန်ကနေ ပေါင်၅၁ သန်းနဲ့ ရောက်ရှိလာခဲ့သလို ဒီဂျောင်ကလည်း မကြာခင် ယူနိုက်တက်ကို ပြောင်းလာဖွယ် ရှိနေပါတယ်။

Mirror သတင်းဌာန ရဲ့ဖော်ပြချက်အရ အဆိုပါ ကစားသမား၂ဦးဟာ မန်ချက်စတာမှာ နေထိုင်ဖို့အတွက် ပေါင် ၃.၅သန်း တန် ဆိုးလ်ရှားရဲ့နေအိမ်ကို မျက်စိကျနေကြကြောင်း သိရပါတယ်။

ဟာလန်းကတော့ မန်စီးတီးနဲ့ အပြောင်းအရွှေ့ကိစ္စ စောစီးစွာ အပြီးသတ်နိုင်ခဲ့တဲ့အတွက် ဒီဂျောင်ထက်တော့ ခြေလှမ်း ပိုဦးနေခဲ့ပါတယ်။

ဒါပေမဲ့ ဒီဂျောင်ကလည်း ယူနိုက်တက်နည်းပြဟောင်းရဲ့နေအိမ်ကို ငှားရမ်းဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

နီးစပ်သူ၁ဦးက ပြောရာမှာ “ကစားသမား၂ဦးစလုံးက ဒီအိမ်ကိုပဲ မျက်စိကျနေပါတယ်။ အိုလီက အရင်က ဒီအိမ်ကို ငှားခဲ့ပေမဲ့ ယူနိုက်တက်နည်းပြလုပ်တော့ ဒီမှာ ပြန်နေခဲ့ပါတ။ အခု သူထွက်သွားတော့ အိမ်ကလစ်လပ်နေပါတယ်။ ဒီဂျောင်က ဒီအိမ်ကိုငှားရမ်းချင်တဲ့အကြောင်း အိုလီကို ဆက်သွယ်ထားပါတယ်။ ဒါပေမဲ့ ဟာလန်းက ပိုဦးနေတာကြောင့် သူငှားမယ်ဆို နော်ဝေသားကို ဦးစားပေးရမယ်ဆိုပြီး အကြောင်းပြန်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ နေအိမ်မှာ ယခင်က လီဗာပူး ခံစစ်မှူး ဗန်ဒိုက်တစ်ယောက် ငှားရမ်းနေထိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှား ယူနိုက်တက်ကို အမြဲတမ်းနည်းပြအဖြစ် ပြန်လာတဲ့အချိန် ဗန်ဒိုက်က အိမ်ပြောင်းခဲ့တာ ဖြစ်ပါတယ်။