စီ ရော်နယ်ဒိုနဲ့ နေမာ တို့ နှစ်ဦးလုံးကို ချဲလ်ဆီး တပြိုင်နက်တည်း ခေါ်နိုင်တော့မှာလား
ဒီရက်ပိုင်းမှာ နာမည်ကျော် တိုက်စစ် ကြယ်ပွင့်တွေဖြစ်ကြတဲ့ မန်ယူ တိုက်စစ်မူှး စီရော်နယ်ဒိုနဲ့ ပီအက်စ်ဂျီတိုက်စစ်မူှး နေမာတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ လှုပ်ခတ်နေပြီး ပိုင်ရှင်သစ် ရထားတဲ့ ချဲလ်ဆီးအသင်းက နှစ်ယောက်လုံးကို ခေါ်နိုင်ဖို့ပါ ရေပန်းစားနေပါတယ်။
စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီကမှ မန်ယူကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပေမဲ့ တစ်နှစ်အကြာမှာပဲ ဲအိုးထရက်ဖို့ဒ်ကနေ ပြန် ထွက်ခွာလိုနေပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ချန်ပီယံလိဂ် မကစားရတာကို အဓိက အကြောင်းပြချက်ပေးပြီး မန်ယူ ကနေ ပြန်လည်စွန့်ခွာဖို့ ကြံရွယ်နေတာ ဖြစ်ပါတယ်။

နေမာကတော့ စီရော်နယ်ဒိုနဲ့ ပြောင်းပြန်ပါ။ နေမာကိုယ်တိုင်က ပီအက်စ်ဂျီကနေ ထွက်ခွာလိုခြင်း မရှိပေမဲ့ ပီအက်စ်ဂျီက သူ့ကိုရောင်းထုတ်လိုနေပါတယ်။ ၂၀၂၇ ခုနှစ်အထိ အလိုအလျောက် သက်တမ်း တိုးမြှင့်နိုင်ခဲ့ပြီ လည်းဖြစ်လို့ ပီအက်စ်ဂျီဟာ နေမာကို ထုတ်ရောင်းရင် ပိုပြီးဈေးခေါ်လို့ ကောင်းတော့မှာပါ။
အဲဒီကစားသမားနှစ်ယောက်စလုံးကို တစ်ပြိုင်နက်ခေါ်ယူနိုင်တဲ့ အခွင့်အရေးရှိနေပြီး အဲဒါကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးပါ။ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလေ လက်အောက်မှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး စီရော်နယ်ဒိုနဲ့ နေမာနှစ်ယောက်စလုံးကို ချိတ်ဆက်လျက် ရှိနေပါတယ်။
ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေးဟာ စီရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် စူပါအေးဂျင့် ဂျော့မန်ဒက်စ်နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကလည်း မဖြစ်မနေ အသင်းပြောင်းရမယ် ဆိုရင် ပရီးမီးယားလိဂ် ကို လှမ်းလာဖို့ ခြေလှမ်းပြင်ဆင်နေပါတယ်။ ပီအက်စ်ဂျီမှာတုန်းက တူချယ်နဲ့ အတွဲညီခဲ့မှုကလည်း ချဲလ်ဆီးအနေနဲ့ နေမာကို ခေါ်ယူနိုင်ဖို့ အကြောင်းရင်းတစ်ချက်ပါ။
ဒါပေမဲ့ သူ့ရဲ့တစ်ပတ်လုပ်ခပေါင် ၆ သိန်းကျော်ကတော့ ချဲလ်ဆီးအတွက် အဓိက စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။ သတင်းတွေ အရကတော့ ချဲလ်ဆီးနည်းပြတူချယ်အနေနဲ့ အသင်းရဲ့ အဝတ်လဲခန်းအတွင်း ပြဿနာရှိလာနိုင်ဖို့ စီရော်နယ်ဒို၊ နေမာတို့လို ပုံရိပ်အရမ်းကြီးမားတဲ့ ကစားသမားတွေကို မခေါ်ချင်ဘူးလို့တော့ သိရပါတယ်။
ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေးကတော့ နည်းပြတူချယ်ကို ကစားသမား ၆ယောက် ခေါ်ပေးမယ်လို့ ကတိပေးထားခဲ့ပြီး အဲဒီအထဲမှာ စီရော်နယ်ဒိုနဲ့ နေမာတို့ ပါဝင်မလားဆိုတာ ရင်ခုန်ဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။