ရော်နယ်ဒို ထွက်ရင် မန်ယူမှာ သူ အစားဝင်လာဖို့ စိတ်ပါလာတဲ့ အာဂျင်တိုင်း ကြယ်ပွင့် ဒိုင်ဘားလား
စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်နဲ့ စာချုပ်ကုန်ဆုံးလို့ လမ်းခွဲလိုက်တဲ့နောက် ဖရီးအေးဂျင့် ကစားသမား ဖြစ်လာတဲ့ ပေါ်လို ဒိုင်ဘားလားဟာ ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ဖို့ကို စဉ်းစားဖို့ ဆန္ဒရှိနေပြီး မန်ချက်စတာ ယူနိုက်တက်မှာ ခရစ္စတီယာနို ရော်နယ်ဒို နေရာကို အစားဝင်နိုင်ဖို့ စိတ်ဝင်စားနေပါတယ်။
အာဂျင်တိုင်းသားဟာ စာချုပ်အကုန်မှာ ဂျူဗင်တပ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး အီတလီမှာပဲ ဆက်နေချင်ခဲ့တာကြောင့် အင်တာမီလန်က သူ့ကို ခေါ်ယူဖို့ ရေပန်းစားခဲ့တာပါ။
ဒါပေမယ့် စီးရီးအေကလပ်တွေထံကနေ ဘာကမ်းလှမ်းမှုမှ မရခဲ့တဲ့နောက် ဒိုင်ဘားလာားဟာ အင်္ဂလန်နဲ့ စပိန်ဆီက ကမ်းလှမ်းမှုတွေကို စဉ်းစားပေးဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။

ဒိုင်ဘားလား ဟာ လာလီဂါထက် ပရီးမီးယားလိဂ်ကို ပို သဘောကျမှာဖြစ်ပြီး ယူနိုက်တက်နဲ့ အာဆင်နယ် နှစ်သင်းလုံးဟာ သူ့အေးဂျင့်နဲ့ ဆက်သွယ်မှု လုပ်ခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
ရော်နယ်ဒို ထွက်ခွာသွားရင် အဲရစ်တန်ဟက်အနေနဲ့ အနည်းဆုံး တိုက်စစ်အသစ် နှစ်ယောက် ခေါ်ယူဖို့ လိုအပ်လာမှာ ဖြစ်ပြီး ဒိုင်ဘားလားအပေါ် ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုက အရှိန်မြှင့်တင်လာမှာဖြစ်ပါတယ်။ အခု ချိန်မှာ ယူနိုက်တက်ရဲ့ ဗဟိုတိုက်စစ်နေရာအတွက် ရွေးချယ်စရာက မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်ပဲ ရှိပါတယ်။
ဒိုင်ဘားလားဟာ ယူနိုက်တက်ရဲ့ လိုအပ်ချက်အတွက် အဖြေတစ်ခု ဖြစ်မှာဖြစ်ပြီး သူ့အနေနဲ့ သရဲနီတွေဆီက ကမ်းလှမ်းမှုတွေကို စဉ်းစားကြည့်ဖို့ ဆန္ဒရှိနေတာပါ။
ဒါပေမယ့် အာဂျင်တိုင်းသားဟာ လစာကို အများကြီး တောင်းဆိုမှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂သိန်း ၈သောင်း လောက် ကုန်ကျနိုင်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ မနှစ်က စီးရီးအေမှာ ဂျူဗင်တပ်အတွက် ၂၉ပွဲ ကစားခဲ့ပြီး ၁၀ ဂိုး သွင်းယူ ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေရဲ့ အနှောင့်အယှက်တွေကို ထပ်မံ ခံစားခဲ့ရတာာ ဖြစ်ပါတယ်။