ပါရဲရား အရောင်း၊ ရော်နယ်ဒိုနဲ့ အသင်းသစ် လားရာ၊ ဝေဖန်ခံရပြန်တဲ့ မက်ဂွဲရားနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

ပေါ်တူဂီ ဂျာနယ်လစ် နူနိုလူဇ်က မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းဆိုထားတဲ့ စီရော်နယ်ဒိုကို ခေါ်ယူနိုင်တဲ့ အသင်းတွေထဲ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ် အသင်းလည်း အခွင့်အရေးရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ စီရော်နယ်ဒိုကို ခေါ်နိုင်တဲ့အသင်းတွေအကြောင်း ဆွေးနွေးခဲ့ရာမှာ နူနိုလူဇ်က အက်သလက်တီကို ကိုလည်း မမေ့သင့်ဘူးလို့ မှတ်ချက်ပြုခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲ ပါဝင် ကစားခွင့် မရတာကြောင့် လာမယ့် ဘောလုံးရာသီမှာ လုပ်ခလစာ ၂၅% ထိ လျှော့ယူရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

မန်ယူ အသင်းခေါင်းဆောင် မက်ဂွဲရား ဟာ အသင်းရဲ့ လစာလျှော့ချမှု အပေါ် ရော်နယ်ဒိုတစ်ယောက် စိတ်ပျက်နေတယ်ဆိုတဲ့ သတင်းအပေါ် like ပေးခဲ့တာကြောင့် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်ခြင်း ခံနေရပါတယ်။

နည်းပြ တန်ဟက် ကိုင်တွယ်နေတဲ့ ရာသီကြို ထရိန်နင်မှာတော့ မန်ယူ ကစားသမားတွေရဲ့ ဘောလုံးပေး အမှားများလွန်းတာကြောင့် နည်းပြ အဖွဲ့ဝင်တွေ စိတ်ပျက်နေကြရပါတယ်။

ပေါ့ဘာနဲ့ ဒီမာရီယာတို့ရဲ့ ဂျူဗင်တပ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့မှုဟာ ဒီရက်ပိုင်း အပြီးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ယောက်လုံးကို ဂျူဗီက သူတို့ရဲ့ Allianz ကွင်းမှာ မိတ်ဆက် ကြေညာပေးတော့မှာပါ။

မန်ယူအသင်းဟာ အေဂျက်အသင်းတောင်ပံ တိုက်စစ်ကစားသမား အန်တိုနီအတွက် ပေါင် ၅၁ သန်း တန်ကြေးရှိ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပေမယ့် အေဂျက်အသင်းထံမှ သဘောတူညီမှု မရရှိသေးကြောင်း သတင်းရရှိပါတယ်။

မန်ယူ ကွင်းလယ်ကစားသမား ပါရဲရားကို ဖူလ်ဟမ်အသင်းက အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၈ သန်း၊ ထပ်တိုး ဆုကြေးပေါင် ၂ သန်း၊ စုစုပေါင်း ပေါင် ၁၀ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး တကယ်လို့သာ ဖူလ်ဟမ်အသင်းက အနာဂတ်မှာ ပါရဲရားကို ရောင်းချခဲ့မယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို မန်ယူအသင်းက ရရှိဦးမှာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကတော့ ခရစ္စတီယာနို ရော်နယ်ဒိုကို အသင်းနဲ့ အနာဂတ် ကိစ္စ မြန်နိုင်သမျှ မြန်မြန် ဆုံးဖြတ်ဖြေရှင်းစေလိုနေပါတယ်။ အချိန်တွေ ဆွဲနေခြင်းက အသင်းနဲ့ ကစားသမား နှစ်ဘက်လုံးထံ ပြသနာကြီးလာစေနိုင်တယ်လို့ တန်ဟက်က ယုံကြည်နေပါတယ်။

မန်ယူအသင်းဟာ ရော်နယ်ဒိုကို လက်လွှတ်ရဖို့ ရှိနေတာကြောင့် လီဝမ်ဒေါစကီး အပါအဝင် ကမ္ဘာ့ ထိပ်တန်းအဆင့် တိုက်စစ်မှူး ၅ ဦး ထဲက တစ်ဦးကို ပြန်လည် ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

မန်ယူ အဓိက ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမား ဒီဂျောင် ကို မရောင်းဘူးလို့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက အကြိမ်ကြိမ် ထုတ်ပြောနေသလို ဘာစီလိုနာက ဒီဂျောင် ကို လစာ အကြွေး ပေးစရာတင် ပေါင် ၁၇ သန်း ရှိနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။