ရော်နယ်ဒို ကမ်းလှမ်းဖို့ ပြင်ဆင်ခြင်း၊ ကူလီဘာလေ၊ စတားလင်း၊ နေမာတို့နဲ့ နောက်ဆုံးရ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ
နာပိုလီ နောက်ခံလူ ကူလီဘာလေကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး အပါအဝင် ဘာစီလိုနာ၊ ဂျူဗင်တပ်တို့က အပြိုင်ကြိုးပမ်းလျက်ရှိနေပါတယ်။ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ကူလီဘာလေကို နာပိုလီက ယူရိုသန်း ၃၀ ရရင် ရောင်းထုတ်သွားမှာဖြစ်ပြီး နောက်တန်းကို အားဖြည့်လိုနေတဲ့ ချဲလ်ဆီးက စိတ်ဝင်စားလာတာပါ။
ချဲလ်ဆီးက သူတို့အသင်းရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ စပို့တင်း လစ္စဘွန်း ကွင်းလယ်လူ မားသပ် နူနက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်းဟာ အဓိက ပစ်မှတ် ကစားသမားတွေ ဖြစ်တဲ့ စတာလင်း၊ ဒီလစ်တို့ကို ခေါ်ယူပြီးမှသာ နူနက်စ်ကို ခေါ်ယူဖို့ စတင် လှုပ်ရှားလာနိုင်ကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းဟာ ချဲလ်ဆီးရဲ့ အင်္ဂလန်သား တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းကို ပစ်မှတ်ထားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
စတာလင်းနဲ့ ချဲလ်ဆီး အသင်း အပြောင်းအရွှေ့က ဒီရက်ပိုင်းမှာ တရားဝင် အတည်ပြု ကြေညာသွားဖွယ် ရှိပြီး အင်္ဂလန်သားဟာ လက်ရှိ လုပ်ခ ပေါင် ၃ သိန်းထက် များတဲ့ လစာ ချဲလ်ဆီးမှာ ရရှိမယ် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် စတာလင်းဟာ ချဲလ်ဆီးရဲ့ သမိုင်းတလျှောက် လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်လာမှာပါ။

ချဲလ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကြယ်ပွင့် စီ ရော်နယ်ဒို ကို ပေါင် ၁၄ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်တော့မှာ ဖြစ်ကြောင်း Football Insider သတင်းက ဆိုပါတယ်။ မန်ယူက ရော်နယ်ဒိုကို မရောင်းဘူး အရင် လေသံ ပစ်ခဲ့ပေမယ့် ပေါ်တူဂီသားက ထရိန်နင်ကို မလာတာကြောင့် ရောင်းချဖွယ် ရှိနေပါတယ်။
ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ရီဗယ်ဒိုကတော့ ချဲလ်ဆီးဟာ ပီအက်စ်ဂျီနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး နေမာကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။