ဒီလစ်ကို ကမ်းလှမ်းမယ့် ဘိုင်ယန်၊ ဒီဂျောင်ကို မန်ယူနဲ့ ပြိုင်လုမယ့် ချယ်ဆီးနဲ့ နေ့လည်ခင်း အပြောင်းအရွှေ့ သတင်းများ
မန်ချက်စတာ ယူနိုက်တက် ကစားသမားသစ် တိုင်လာ မာလာစီယာဟာ နောက်ရာသီမှာ ကျောနံပါတ် ၁၂ ကို ဝတ်ဆင်မှာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်က ယခင် ကျောနံပါတ် ၁၈ ကနေ ၈ ကို ပြောင်းလဲဝတ်ဆင်ကစားမှာဖြစ်ကြောင်း ယူနိုက်တက်က အတည်ပြုခဲ့ပါတယ်။
လန်းဂလက်နဲ့ စပါးဟာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး ဘာစီလိုနာဘက်ကလဲ ဗဟိုနောက်ခံလူကို ထွက်ခွာခွင့်ပေးဖို့ မီးစိမ်းပြခဲ့တဲ့နောက် ၎င်းရဲ့ အငှားအပြောင်းအရွှေ့ကို မကြာခင် အတည်ပြုသွားနိုင်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဒီလစ်အတွက် ပေါင် ၇၆ သန်းနဲ့ ကမ်းလှမ်းမှု လုပ်တော့မှာဖြစ်လို့ ဂျူဗင်တပ် နောက်ခံလူကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချယ်ဆီးတို့ နောက်ကောက် ကျသွားရနိုင်ပါတယ်။

ဖရန်ကီဒီဂျောင်နဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အပြောင်းအရွှေ့က ကြန့်ကြာနေတာနဲ့အတူ ချယ်ဆီးအသင်းက ဘာကာကြယ်ပွင့်ကို ဝင်လုဖို့ စိတ်ဝင်စားနေပြီး အသင်းပိုင်ရှင်အသစ် တော့ဒ်ဘိုးလီဟာ အပြောင်းအရွှေ့အတွက် ဆွေးနွေးဖို့ ဘာစီလိုနာကို သွားရောက်ခဲ့ပါတယ်။
လိဒ်စ်ဟာ နောက်တစ်ပတ်ထဲမှာ ရာသီကြိုခရီးအတွက် ဩစတြေးလျကို သွားရောက်ဖို့ ပြင်ဆင်နေပေမယ့် ဘာစီလိုနာနဲ့ ချယ်ဆီးကြား ဗျာများနေရတဲ့ ရာဖင်ညာကတော့ အဲ့ဒီ့ခရီးကို လိုက်ပါနိုင်ဖွယ် မရှိတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ မျှော်လင့်ရပါတယ်။
ဂန်းနား တိုက်စစ်မှုးသစ် ဂေဘရီရယ် ဂျေးဆုဟာ မန်စီးတီးမှာ ဆုဖလားတွေ များစွာ အောင်မြင်ခဲ့ပြီးနောက် အာဆင်နယ်မှာလဲ အရာအားလုံး အောင်မြင်ချင်ကြောင်းပြောဆိုခဲ့ပါတယ်။

မန်ယူနည်းပြ အဲရစ်တန်ဟက်ဟာ လီဆန်ဒရိုမာတီနက်ဇ်၊ အန်တိုနီတို့နဲ့ သူ့ရဲ့ ဆက်ဆံရေးကို အသုံးချပြီး နှစ်ယောက်လုံးကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် အေဂျက်ဟာ ယူနိုက်တက်ဘက်က နှစ်ယောက်ပေါင်း ပေါင် ၁၀၆ သန်းနဲ့ ကမ်းလှမ်းမှုကို လက်မခံပဲ အဲ့ဒီ့ထက်ပိုများတဲ့ ပမာဏကို ရရှိဖို့ မျှော်လင့်ပါနေပါတယ်။
ဇင်ချန်ကိုဟာ ဒီနွေမှာ ထွက်ခွာဖို့ ရှိနေတာနဲ့အတူ မန်စီးတီးဟာ ဘယ်နောက်တန်းနေရာအတွက် ဘရိုက်တန် နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဘရိုက်တန်ရဲ့ ခေါ်ဈေးအတိုင်း ပေါင် ၄၅ သန်းပေးဖို့ အဆင်သင့် ဖြစ်နေပါတယ်။
မီလန်တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးဟာ ၂၀၂၀ တုန်းက အင်တာက သူ့ကို ခေါ်ဖို့ ပိုက်ဆံမရှိဘူးလို့ ပြောဆိုခဲ့တာကြောင့် ချယ်ဆီးမှာ ပုံမှန်ကစားခွင့် မရနေတဲ့ အခြေအနေကို စိုးရိမ်ခဲ့ပြီး စပါးကို ပြောင်းဖို့တောင် စဉ်းစားခဲ့တယ်လို့ ဖွင့်ဟ ခဲ့ပါတယ်။