ချယ်ဆီးကို လူတိုင်းရှိန်တဲ့ အသင်းဖြစ်လာအောင် လုပ်ပေးခဲ့သူကို ဂျိုးကိုလ်းရဲ့ ချီးကျူးမှု

ချယ်ဆီးကစားသမားဟောင်း ဂျိုးကိုးလ်က တူချယ်ရဲ့ ဦးဆောင်မှုကြောင့် ချယ်ဆီးကစားသမားတွေဟာ အောင်နိုင်လိုစိတ်တွေ ရှိလာခဲ့ကာ ယုံကြည်မှုကောင်းတွေ ပိုင်ဆိုင်လာခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ကိုးလ်က ချယ်ဆီးမှာ တူချယ်ရဲ့ လွှမ်းမိုးမှုကို အတော်လေး အထင်ကြီးနေခဲ့ပြီး အသင်းရဲ့ အင်အားတောင့်တင်းမှုကိုလည်း အဓိက အဖိုးတန် အရည်အသွေးအဖြစ် မီးမောင်းထိုးပြခဲ့ပါတယ်။ ဂျာမာန်သား မန်နေဂျာကြီးဟာ ချယ်ဆီးအတွက် နည်းဗျူဟာအရကော စိတ်ဓါတ်ပိုင်း လုံ့ဆော်နိုင်စွမ်းတွေပါ သယ်ဆောင်လာခဲ့သူဖြစ်တယ်လို့ မြင်ပါတယ်။

“ သူက တည်ငြိမ်တဲ့ လွှမ်းမိုးမှုကို ယူဆောင်လာခဲ့တာပါ။ ယုံကြည်မှုကိုလည်း ယူလာပေးခဲ့ပါတယ်။ ကစားသမားတွေ ယုံကြည်မှုရှိတဲ့ နည်းဗျူဟာကျတဲ့ စည်းလုံးညီညွတ်မှုကို ဖန်တီးပေးခဲ့တယ်။ သူတို့တွေ ကြီးမားတဲ့ အောင်မြင်မှု (ချန်ပီယံလိဂ်) ကို ရရှိခဲ့တယ်။ ဒါက သူတို့ကို အားလုံးရဲ့ ရှေ့ဆုံးကနေ ယှဉ်ပြိုင်နိုင်ဖို့ ယုံကြည်မှုပေးတယ်ဆိုတာ သူတို့သိပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း ချယ်ဆီးမှာ အပြောင်းအလဲတွေ ရှိခဲ့တယ်။ နည်းပြတစ်ယောက်စီက သူတို့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ အတွေးအခေါ်ကို ယူလာတယ်။ ဒီဟာရဲ့ အဓိက ဗဟိုချက်ကတော့ အတူတူပါပဲ။ ချယ်ဆီးက တောင့်တင်းပြီး သန်မာတဲ့၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းဆိုတာ ခင်ဗျားတို့ သိပါတယ်။

တူချယ်က အသင်းကို စုစည်းပေးခဲ့တာပါ။ ဒါကအသင်းရဲ့ အလယ်ဗဟိုမှာ တကယ်ကို အင်အားကောင်းတဲ့ အူတိုင်တစ်ခုလို့ ထင်ပါတယ် ” လို့ ကိုးလ်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ဒီရာသီမှာ မတူညီတဲ့ ဂိုးသွင်းရှင် ၁၄ ယောက်ရှိခဲ့ပေမယ့် ပြိုင်ပွဲစုံ ၁၃ ပွဲအပြီး လူကာကူတစ်ယောက်သာ ၂ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တာပါ။ လူကာကူနဲ့ ဗာနာတို့ ဒဏ်ရာရနေပေမယ့် အသင်းလိုက် ကောင်းမွန်နေမှုနဲ့ တစ်သင်းလုံး သွင်းဂိုး ရယူနေမှုကြောင့် ချယ်ဆီးရဲ့ နိုင်ပွဲတွေကို ဆက်လက် မြင်နေရဆဲဖြစ်တယ်။

၂၀၂၂ ခုနှစ် နှစ်မကူးခင်ထိ ချယ်ဆီးအသင်းဟာ ပွဲကြပ်တွေကို ကျော်ဖြတ်ရဖို့ မရှိဘဲ ပွဲစဉ်ဇယားက အတော်လေး အဆင်ပြေနေတယ်လို့ ဆိုနိုင်မှာဖြစ်တယ်။ ဒါကြောင့် ဒီကာလတွေမှာ စွမ်းဆောင်ရည်ကောင်းတွေကို ထိန်းသိမ်းထားခြင်းဟာ ရာသီကုန် ဆုဖလား ကိုင်မြောက်ရေးအတွက် အရေးပါလာဖို့ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။