ဂန်းနားတွေ အချစ်တော် ဖြစ်သွားတဲ့ ဂျေဇူး၊ ပစ်မှတ်ထားလာတဲ့ ကွင်းလယ်ဟောင်းနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

နုရင်ဘတ်နဲ့ ခြေစမ်းပွဲစဉ်မှာ ပထမပိုင်းမှာပဲ လူစားလဲခံခဲ့ရတဲ့ နောက်ခံလူ တီယာနေးရဲ့ အခြေအနေဟာ ကောင်းမွန်ပြီး ဒဏ်ရာပြဿနာရှိကြောင်း၊ တီယာနေးဟာ ဘောလုံး မကစားရတာ ၃ လကျော်လောက်ကြာနေပြီဖြစ်လို့ ကန့်သတ်ချက်နဲ့သာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အာဆင်နယ် နည်းပြ အာတီတာက ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ လက်စတာ ကွင်းလယ်လူ တိုင်လေမန့်စ်ကို မခေါ်နိုင်ခဲ့ရင် ကစားသမားဟောင်း ဘန်နာဆာကို ပြန်လည်ပစ်မှတ်ထားသွားမှာပါ။ ၂၄ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်မှာတုန်းက လိဂ်ပွဲ ၁ ပွဲသာ ကစားခွင့်ရခဲ့ပြီး မထင်မရှား ပြန်ထွက်ခွာခဲ့ရသူဖြစ်ပြီး လက်ရှိမှာတော့ အေစီမီလန်မှာ ခြေစွမ်းပြ ကစား နေပါတယ်။

အာဆင်နယ် တိုက်စစ်မှုးသစ် ဂျေဇူးကတော့ အသင်းကို ရောက်ရှိပြီး တစ်ခဏအကြာမှာပဲ ပရိသတ်တွေရဲ့ နှလုံးသားထဲ အပြည့်အ၀ နေရာယူ သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။ ပွဲအပြီး လူမှုကွန်ယက်မှာ ဂျေဇူးကို အာဆင်နယ် ပရိသတ်တွေက တောက်လျောက် ချီးကျူးနေခဲ့ကြပါတယ်။

အာဆင်နယ်ဂိုးသမား လီနိုက ဖူလ်ဟမ်သို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ လီနိုကို ၂၀၂၅ ခုနှစ်အထိ ခေါ်ယူမှာဖြစ်ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့် ထည့်ချုပ်ထားပါတယ။် ဖူလ်ဟမ်အနေနဲ့ လီနိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁ သန်း ပေးချေမှာဖြစ်ပါတယ်။

အပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယိုက အာဆင်နယ်အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ တောင်ပံကစားသမားတစ်ဦး ထပ်မံခေါ်ယူဦးမှာဖြစ်ကြောင်း၊ ဂနာဘရီနဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ တကယ်တမ်းတော့ အာဆင်နယ်ရဲ့ စာရင်းထဲမှာ မရှိကြောင်း၊ အာဆင်နယ်အနေနဲ့ ဘယ်ကစားသမားကို ခေါ်မယ်ဆိုတာ မသိသေးဘဲ စုံစမ်းရဦးမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

စပါးကစားသမားဟောင်း ကန်ဒီက လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ အဓိက ပစ်မှတ် တိုင်လေမန့်စ်ကို သူ့အသင်းဟောင်း စပါးက အရ ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိမှာ တိုင်လေမန့်စ်ကို အာဆင်နယ်က အဓိက ပစ်မှတ်ထားနေပြီး ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

အာဆင်နယ် ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးက ဝီလ်ရှိုင်းယားအနေနဲ့ ကစားသမားဘဝကနေ အနားယူခဲ့တာ ဝမ်းနည်းစရာ အခိုက်အတန့်ဖြစ်ကြောင်း၊ ဝီလ်ရှိုင်းယားဟာ ရဲရင့်ပြီး အရည်အသွေးထက်မြက်သူဖြစ်ကြောင်း၊ သူ့အနေနဲ့ ထိပ်တန်းနည်းပြကောင်းဖြစ်လာမဲ့ အလားအလာတွေ ပိုင်ဆိုင်ထားကြောင်း မှတ်ချက်ပြု ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီးကစားသမားဟောင်း ဂျရူးက သူ့အနေနဲ့ စပါးအသင်းမှာ ကစားဖို့ အလွန်နီးစပ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ချဲလ်ဆီး ကစားသမားဘ၀ အဆုံးသတ်ပိုင်းမှာ သူက ပွဲကစားခွင့်နည်းပါးခဲ့တဲ့အတွက်အသင်းပြောင်းဖို့ စဉ်းစားခဲ့ကြောင်း၊ အဲဒီတုန်းက စပါးနည်းပြ မော်ရင်ဟိုက သူ့ကို အလိုရှိခဲ့ကြောင်း၊ ဒါပေမဲ့ အာဆင်နယ်မှာလည်း ကစားထားခဲ့လိ့ု စပါးကိုပြောင်းရွှေ့ဖို့ဆိုတာ ခက်ခဲကြောင်း ဂျရူးက ထုတ်ဖော်ခဲ့ပါတယ်။