ဂျေဇူး ကျေးဇူးတင် စကား၊ ဖိုဖန်နာ၊ မာတီနက်ဇ်၊ တော်ရဲရားတို့နဲ့ အာဆင်နယ် သတင်းတိုများ စုစည်းမှု
အာဆင်နယ် အမေ့ခံကွင်းလယ်လူ တော်ရဲရားရဲ့အေးဂျင့်ဖြစ်သူက သူ့ကစားသမားအနေနဲ့ အာဆင်နယ်မှာ နေရာရဖို့ အခွင့်အရေးမရှိတော့ကြောင်း၊ အာဆင်နယ်ဟာ အမေရိက ခရီးစဉ်အတွက် ပူးပေါင်းဖို့ တော်ရဲရားကို ခေါ်ထားကြောင်း၊ တော်ရဲရားကတော့ အီတလီကိုသာ ပြောင်းလိုနေကြောင်း ဖွင့်ဟခဲ့ပါတယ်။
စပါးကစားသမားဟောင်း ကန်ဒီက သူ့အသင်းဟောင်းအနေနဲ့ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ အဓိက ပစ်မှတ် တိုင်လေမန့်စ်ကို ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ စပါးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့တိုင်လေမန့်စ်ကို ခေါ်ယူပြီး အဆင့်မြှင့်တင်ရမှာလို့ ကန်ဒီက ဆိုခဲ့ပါတယ်။လက်ရှိမှာ တိုင်လေမန့်စ်ကို အဆာင်နယ်က အဓိက ပစ်မှတ်ထားနေပြီး ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
အာဆင်နယ် တိုက်စစ်မှူးသစ် ဂျေဇူးက အသင်းဖော်တွေအားလုံးဟာ သူ့ကို အာဆင်နယ်မှာ အဆင်ပြေအောင် ကူညီပေးကြပြီး ဖော်ဖော်ရွေရွေဆက်ဆံကြောင်း၊ ဒါကြောင့် အသင်းဖော်တွေကို ကျေးဇူးတင်လိုပြီး အာဆင်နယ်ကို ခမ်းနားတဲ့အသင်းတစ်သင်းကို ပြောင်းရတဲ့အတွက် ဂုဏ်ယူမိကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် ဒီနွေမှာ ရောင်းဖွယ် ရှိတဲ့ နောက်ခံလူ မာရီကို ခေါ်ယူဖို့အတွက် စီးရီးအေကလပ်အသင်း ၃ သင်းခန့်က အပြိုင် ကြိုးပမ်း နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ် အရွယ် ကစားသမားကို ခေါ်ယူဖို့အတွက် ဗင်နီဇီယာ၊ ဖီအိုရင်တီးနားနဲ့ နာပိုလီတို့က အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
အာဆင်နယ်ပစ်မှတ်ထားနေတဲ့ လန်းစ်ကွင်းလယ်လူ ဖိုဖာနာက သူ့အနေနဲ့ လက်ရှိအသင်းမှာ ပျော်ရွှင်လျက်ရှိနေကြောင်း၊ အပြောင်းအရွှေ့ကာလမှာ သက်ရောက်မှု များစွာရှိနိုင်ကြောင်း၊ အနာဂတ်ကို ဘယ်သူမှမပြောနိုင်ဘဲ ဒီနေ့မှာ အသင်းမှာ ရှိနေပေမဲ့ နောက်နေ့မှာလည်း ထွက်သွားတာမျိုးဖြစ်နိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အေဂျက်ဇ်ကတော့ သူတို့ရဲ့ ကြယ်ပွင့်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်အတွက် တက်နိုင်သလောက် ပြောင်းရွှေ့ကြေး မြင့်မားစွာ အလိုရှိနေပါတယ်။ လက်ရှိမှာ မာတီနက်ဇ်ကို အာဆင်နယ်နဲ့ မန်ယူတို့က အပြိုင်လိုက်နေပြီး မန်ယူက ပေါင် ၄၃ သန်း နဲ့ ကမ်းလှမ်းထားပါတယ်။ အေဂျက်ဇ်ဟာ မန်ယူရဲ့ ကမ်းလှမ်းမှုကို လက်မခံသေးဘဲ အာဆင်နယ်ဆီက ကမ်းလှမ်းမှုကို စောင့်မျှော်နေပါတယ်။

ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က အာဆင်နယ်အနေနဲ့ နောက်ထပ်တောင်ပံကစားသမားတစ်ဦး ခေါ်ယူဖို့ လိုအပ်နေသေးကြောင်း၊ ဆာကာ၊ စမစ်ရို့စ်နဲ့ မာတင်နယ်လီတို့ဟာ ကစားသမားကောင်းတွေဆိုပေမဲ့ သူတို့ဟာ အလွန်ငယ်ရွယ်သေးကြောင်း၊ ပီပီဟာ အာဆင်နယ်မှာ အလုပ်မဖြစ်ဘဲ သူ့နေရာမှာ အစားထိုးရမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
ဘရန့်ဖို့ဒ်အသင်းဟာ ဘိုလော့ဂ်နာမှ စကော့တလန်သား အစွန်ခံစစ်သမား အေရွန် ဟစ်ကီကို ကလပ် စံချိန်တင်ကြေး ပေါင် ၁၉ သန်း သုံးကာ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဟက်ကီကို ဒီနွေ အစောပိုင်းမှာ အာဆင်နယ်ကလည်း ချိတ်ဆက် ခဲ့ပါသေးတယ်။