ရော်နယ်ဒို ပီအက်စ်ဂျီ ပြောင်းလာမှာကို ခါးခါးသီးသီး ကြိုတင် တားဆီးနေတဲ့ လီယွန်နယ် မက်ဆီ

ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီကတော့ ပီအက်စ်ဂျီအနေနဲ့ သူ့ရဲ့ မဟာပြိုင်ဘက် စီ ရော်နယ်ဒို ကိုသာ အသင်းဆီ ခေါ်ခဲ့ရင် ပီအက်စ်ဂျီ ကနေ ထွက်ခွာသွားမယ်လို့ ခြိမ်းခြောက်ထားကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ပီအက်စ်ဂျီထံ ၂နှစ် + ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

ရော်နယ်ဒိုကလည်း မက်ဆီနည်းတူ မနှစ်က နွေကမှ အသင်းသစ် မန်ချက်စတာ ယူနိုက်တက်ထံ ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ဒါပေမယ့် မန်ယူ အနေအထားနဲ့ သူ့ရည်မှန်းချက် မကိုက်ညီတာကြောင့် ရော်နယ်ဒို က ဒီနွေမှာ အသင်းသစ် ရှာနေပါတယ်။

မက်ဆီနဲ့ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒိုတို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစုလုံး ဘောလုံးလောကကို စိုးမိုးနိုင်ခဲ့ကြတဲ့ ကြယ်ပွင့် ကစားသမားတွေပါ။

လီယွန်နယ် မက်ဆီနဲ့ ရော်နယ်ဒို တို့က နှစ်ဦးပေါင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၁၂ကြိမ် အထိ ရရှိခဲ့ကြပြီး သူတို့နှစ်ဦးက မဟာပြိုင်ဘက်တွေ ဖြစ်ကြပေမယ့် ဘောလုံးပရိသတ် အများစုက သူတို့နှစ်ဦး တွဲ ကစားတာကို မြင်တွေ့ချင်သူတွေ ရှိကြပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းထားတာကြောင့် ရိုနယ်ဒိုကို ခေါ်ယူဖို့ ပီအက်စ်ဂျီထံ တိုက်တွန်းသူတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် မက်ဆီကတော့ သူ့ရဲ့ တသက်တာ ပြိုင်ဘက်လို့ ပြောရမယ့် ရိုနယ်ဒိုနဲ့အတူ တွဲကစားဖို့ ဆန္ဒမရှိပဲ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာလည်း အကယ်၍ ရော်နယ်ဒိုကိုသာ အသင်းဆီ ခေါ်ခဲ့ရင် သူက အသင်းကနေ ထွက်ခွာသွားမယ်လို့ အသိပေးထားကြောင်း နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ El Nacional သတင်းဌာနက ဆိုပါတယ်။

မက်ဆီက ရိုနယ်ဒိုနဲ့အတူ ဘယ်တော့မှ မကစားဖို့ ဆုံးဖြတ်ထားပြီး ပီအက်စ်ဂျီက ရော်နယ်ဒိုကိုသာ ခေါ်ယူလိုက်ရင် အသင်းကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်ထားသလို ပီအက်စ်ဂျီကလည်း မက်ဆီရဲ့ တောင်းဆိုမှုကြောင့် ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေမှုအား ရပ်တန့်ခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် လက်ရှိ ပီအက်စ်ဂျီ ကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေက ရော်နယ်ဒိုရဲ့ အမာခံ ပရိသတ် တဦး ဖြစ်တာကြောင့် အကယ်၍ ပီအက်စ်ဂျီကသာ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ နေမာကို ရောင်းချဖြစ်ခဲ့ရင် ရော်နယ်ဒိုကို ပြန်လည် ခေါ်ယူနိုင်ကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။