မန်ယူအသင်း ဆိုတာ ပွဲတိုင်းနိုင်ရမယ် လို့ ခပ်ပြတ်ပြတ် ပြောလိုက်တဲ့ နည်းပြ အဲရစ်တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက် ကတော့ မန်ချက်စတာ ယူနိုက်တက် ဆိုတာ ပွဲတိုင်းမှာ အနိုင်ရရှိအောင် ကစားရမယ် လို့ သူ့ရဲ့ ကစားသမားတွေကို အသိပေးစကား ပြောကြားသွားခဲ့ပါတယ်။

မန်ယူနည်းပြသစ် အဲရစ် တန်ဟက် က ဘောလုံးပိုင်ဆိုင်မှု အသားပေး ကိုယ်ပိုင် ကစားဟန် တခုကို ပိုင်ဆိုင်ထားသူ ဖြစ်တာကြောင့် ယခုအချိန်မှ စတင်ကာ အသင်းကို သူ့ရဲ့ ကစားဟန်အတိုင်း သွတ်သွင်းဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ စံချိန်စံညွှန်းက ပွဲတိုင်းကို အနိုင်ကစားဖို့သာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

နည်းပြ တန်ဟက် က – “မန်ချက်စတာ ယူနိုက်တက်ရဲ့ စံချိန်စံညွှန်းဆိုတာက ပွဲတိုင်းကို အနိုင်ကစားဖို့ပါ။ ဒါက အသင်းရဲ့ ဝိသေသ တခု ဖြစ်သလို အသင်းရဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက် ခက်ခဲတဲ့ ကာလကို ရင်ဆိုင်နေရပြီး ဆုဖလားတွေနဲ့ အတော် အလှမ်းကွာဝေးနေကာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာပါ လက်လွှတ်ထားရတဲ့ အထိ ဖြစ်နေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာကလပ်ရဲ့ တာဝန်ရှိသူတွေက အသင်းကို အစကနေ ပြန်လည် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး အေဂျက်ကို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လူရိုသေ ရှင်ရိုသေ အသင်းတသင်း ဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့တဲ့ နယ်သာလန်သား နည်းပြ အဲရစ် တန်ဟက် ကို ကာလရှည် စာချုပ်တရပ်နဲ့ ခေါ်ယူ ခန့်အပ် ထားပါတယ်။

တန်ဟက်ရဲ့ မန်ယူ အသင်းဟာ ဒီအင်္ဂါနေ့ညမှာ ရာသီကြိုကာလ ပွဲဦးထွက် အဖြစ် လီဗာပူးအသင်းနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စတင် ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ တန်ဟက် ပြောသလို မန်ယူက ဘယ်ပွဲ မဆို အနိုင်ကစားဖို့ ရည်မှန်း ကစားသွားမလား ဆိုတာ စောင့်ကြည့်ရင်ခုန်ကြရဦးမှာပါ။