လီဗာပူးကို ဂိုးပြတ်အနိုင်ယူပြီး ရာသီကြို အဖွင့်လှသွားတဲ့ နည်းပြတန်ဟက်နဲ့ မန်ယူအသင်း
ထိုင်းနိုင်ငံမှာ ခြေစမ်းပွဲအဖြစ် ရာသီကြို ခြေသွေးကြတဲ့ လီဗာပူးလ်အသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာတော့ မန်ယူနည်းပြသစ် အဲရစ် တန်ဟက် ဟာ ဂိုးပြတ်နိုင်ပွဲတခု ရယူခဲ့ပြီး အဖွင့်ရလဒ် ကောင်းသွားခဲ့ပါတယ်။
ခြေစမ်းပွဲဖြစ်ပေမဲ့လည်း ပွဲမတိုင်မီမှာ လီဗာပူးလ်အသင်းနည်းပြကြီး ယော်ဂန်ကလော့ပ်ရဲ့ ပြောစကားတွေရယ်၊ မလာစဖူး လာခဲတဲ့ အာရှခြေစမ်းခရီးစဉ်ဖြစ်တာရယ်ကြောင့် ပွဲမတိုင်မီ စိတ်ဝင်စားစရာတော့ ကောင်းခဲ့ပါတယ်။
မန်ယူနိုက်တက်ရဲ့ ၄-ဝ ဂိုးပြတ်နိုင်ပွဲ အတွက် ဂိုးတွေကို ဆန်ချို၊ မာရှယ်၊ ဖရက်ဒ်နဲ့ ပယ်လီစထရီတို့က သွင်းယူခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာတင် ၃ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ ယူနိုက်တက်အသင်းဟာ အတောင့်တင်းဆုံးလူစာရင်းနဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ကတော့ အဓိက ကစားသမားအနည်းငယ်နဲ့ လူငယ်တွေကို ပွဲထုတ်ခဲ့တာပါ ။ ဒါတောင် ဂိုးကန်သွင်းမှုအများအပြားရခဲ့ပေမယ့် ဒီဂီယာ လက်စွမ်းပြကာကွယ်သွားခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

ဒါကြောင့်လည်း ပွဲဟာ ပထမပိုင်းမှာကတည်းက ဂိုးပြတ်ပွဲတပွဲ ဖြစ်လာခဲ့ပြီး မန်ယူကစားသမားတွေ ဂိုးမြူးခဲ့ကြပါတယ်။ ရိုလ်နယ်ဒို ပါမလာခဲ့တဲ့ပွဲမှာ မန်ယူရဲ့ တိုက်စစ်ပိုင်းကို အန်တိုနီ မာစီယဲလ်က ဦးဆောင်သွားခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်နဲ့ ဆန်ချိုတို့က ရံကစားပေးခဲ့ကြပါတယ်။ ကွင်းလယ်အထိုင်နှဦးကတော့ ဖရက်ဒ်နဲ့ မက်တွန်မနေးတို့ဖြစ်ပြီး ခံစစ်မှာတော့ လုခ်ရှော၊ လင်ဒလော့ဖ်၊ ဗာရန်းနဲ့ ဒါလော့သ်တို့ဖြစ်ကာ ဂိုးကတော့ ဒီဂီယာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းကတော့ ရှေ့တန်းမှာ ဖေမင်နိုနဲ့ ဒီယာဇ်ကို အယ်လီယော့စ်နဲ့ တွဲဖက်ပေးခဲ့ကာ ကွင်းလယ်မှာလည်း ဟန်ဒါဆန်ကို မော်တွန်၊ ကာဗယ်ဟိုတို့လို လူငယ်တွေနဲ့ ရံခဲ့ပါတယ်။ ခံစစ်တန်းမှာလည်း မန်ဘာရာ၊ ဖီးလစ်ပ်၊ ဂိုးမက်ဇ်နဲ့ ချိန်ဘာစ်တို့ဖြစ်ပြီး ဂိုးပေါက်ကိုတော့ အယ်လစ်ဆွန်ကပဲ တာဝန်ယူခဲ့ပါတယ်။ ဒါကြောင့် အတွေ့အကြုံ ပိုင်းမှာရော၊ ခြေစွမ်းပိုင်းမှာပါ ဒီပွဲက မန်ယူအသင်း အစစအရာရာ အားသာခဲ့တာပါ။
ပွဲအစ ၁၂ မိနစ်မှာပဲ ဆန်ချိုက မန်ယူအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး မိနစ် ၃၀ မှာတော့ ဖရက်ဒ်၊ ၃၃ မိနစ်မှာ အန်တိုနီ မာစီယဲလ်တို့က ဒုတိယဂိုးနဲ့ တတိယဂိုးတွေ ဆက်တိုက်သွင်းယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လီဗာပူးလ်ဟာ ဆီမီကက်စ်၊ မာတစ်၊ ဝီလီယံစ်၊ ဘက်ဆီတစ်၊ မေလ်နာနဲ့ ချိန်ဘာလိန်တို့ကို ဝင်ကစားစေပြီး အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
မန်ယူကလည်း မာလာစီယာ၊ တယ်လိစ်၊ ဝမ်-ဘစ်ဆာကာ၊ ပယ်လစ်ထရီ၊ ဗန်ဒဘိတ်၊ အစ်ဂ်ဘယ်၊ အာမတ်နဲ့ အီလန်ဂါတို့ကို ဒုတိယပိုင်းမှာ ဝင်ကစားစေခဲ့ပါတယ်။

လီဗာပူးလ်အသင်း အခွင့်အရေးအချို့ ရပေမဲ့ အသုံးမချနိုင်ခဲ့တာကြောင့် ချေပဂိုးပြန်ရဖို့ ဝေးခဲ့ရပြီး ပွဲချိန် ၇၆ မိနစ်မှာတော့ မန်ယူရဲ့ လူငယ်တိုက်စစ်ကစားသမားလေး ပယ်လစ်ထရီက စတုတ္ထဂိုး သွင်းယူခဲ့ကာ ၄ ဂိုးပြတ် နိုင်ပွဲ ဖြစ်လာစေခဲ့ပါတယ်။
လီဗာပူးလ်အနေနဲ့ ဒုတိယပိုင်းမှာ အဓိက ကစားသမား တော်တော်များများကို အသုံးပြုခဲ့ပေမဲ့လည်း အပြောင်းအလဲတော့ ဖြစ်လာခဲ့ခြင်း မရှိပါဘူး။ တိုက်စစ်မှူးသစ် နူညက်ဇ်ကလည်း လေ့ကျင့်ချိန် နည်းပါးသေးတာကြောင့် အသင်းနဲ့ သိပ်ကြီး သဟဇာတမဖြစ်သေးတာကို တွေ့ရပါတယ်။
ဘာပဲဖြစ်ဖြစ် မန်ယူတို့ကတော့ ခြေစမ်းပွဲစဉ်မှာပဲ မဟာပြိုင်ဘက်အသင်းတသင်းကို ဂိုးပြတ်အနိုင်ကစားပြီး ပရိသတ် တွေကို ခဏတာ စိတ်အပန်းပြေစေခဲ့ပါတယ်။