မာရှယ် ဂိုးမြူးနေတဲ့ ရာသီကြို၊ မာတီနက်ဇ် သဘောတူညီမှု ရခြင်း၊ ဒီဂျောင် အရန်ပစ်မှတ်နဲ့ ယနေ့ မန်ယူ သတင်းတိုများ
မန်ယူအသင်းဟာ ဒီနေ့ သြစတြေးလျနိုင်ငံမှာ ခြေစစ်းပွဲ အဖြစ် မဲလ်ဘုန်းဗစ်တိုရီ အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၄-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအတွက် ဂိုးတွေကို တော်မီနေး၊ မာရှယ်၊ ရက်ဖို့ဒ်နဲ့ တာဟစ်ချောင် တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီကြို အာရှ ခရီးစဉ်မှာတော့ ၂ ပွဲ ကစား ၂ ပွဲ နိုင်ထားပြီး ၂ပွဲလုံး ၄ဂိုးချည်း သွင်းကာ ဂိုးပြတ်နိုင်ထားခဲ့တာ ဖြစ်ပါတယ်။
တိုက်စစ်မှူး အန်တိုနီ မာရှယ်ကိုတော့ မန်ယူအသင်း ရောင်းချသွားဖို့ အစီအစဉ် မရှိတော့ဘဲ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားလိုနေကြောင်း သိရပါတယ်။ ပြင်သစ်သားဟာ ဒီရာသီကြိုမှာတော့ ပွဲတိုင်း ဂိုးသွင်းနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အေဂျက် ဗဟိုနောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၆ သန်းနဲ့ သဘောတူညီမှု ရခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဆေးစစ်ကာ အပြီးသတ်စာချုပ်သွားမှာ ဖြစ်ပါတယ်။
ဖရန်ကီ ဒီဂျောင်အတွက် ဘာစီလိုနာအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရထားပေမဲ့ ကစားသမားဖြစ်သူရဲ့ ဆန္ဒကြောင့် အပြောင်းအရွှေ့ကြန့်ကြာနေချိန်မှာ မန်ယူတာဝန်ရှိသူတွေကတော့ မရခဲ့ရင်ဆိုတဲ့ အခြေအနေအတွက် အစားထိုးပစ်မှတ် ရှိထားတယ်လို့ သိရပါတယ်။
မန်ယူအသင်းကနေ ထွက်ခွင့်တောင်းထားတဲ့ ခရစ္စတီယာနို ရော်နာဒိုဟာ ဆောဒီအာရေဗျ ကလပ် အသင်းတ သင်းဆီကနေ မက်လောက်စရာ ငွေကြေးပမာဏမျိုးနဲ့ ကမ်းလှမ်းမှုရခဲ့ပေမဲ့လည်း မဆိုင်းမတွဘဲ ပယ်ချခဲ့ကြောင်း သိရပါတယ်။

လူငယ်ကွင်းလယ်ကစားသမားလေး ဟန်နေဘဲလ် မက်ရှ်ဘရီကို အငှားချသွားဖို့ မန်ယူအသင်း စီစဉ်နေပါတယ်။ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်လေးဟာ အလားအလာကောင်းတွေ ပြသနေသူဖြစ်ပြီး အတွေ့အကြုံနဲ့ ပွဲကစားခွင့် အတွက် တရာသီအငှား စေလွှတ်သွားဖို့ ဆုံးဖြတ်လိုက်တာပါ။ စိတ်ဝင်စားနေတဲ့ကလပ်အသင်း အများအပြားလည်း ရှိနေတယ်လို့ သိရပါတယ်။
ညာတောင်ပံတိုက်စစ်ကစားသမားတဦး ခေါ်ယူသွားဖို့ အစီအစဉ်ရှိထားတဲ့ မန်ယူအသင်းဟာ အဓိကပစ်မှတ်ဖြစ်တဲ့ အေဂျက် ကြယ်ပွင့်လေး အန်တိုနီကို ခေါ်ယူနိုင်ဖို့ရာ ခက်ခဲနေခဲ့တဲ့နောက် ချဲလ်ဆီးအသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဟာကင်မ် ဇီယက်ချ်ကို ကြိုးစားလာနိုင်တယ်လို့ သိရပါတယ်။ မိုရိုကိုသားကို အေစီမီလ န်အသင်းကလည်း အလေးအနက်ထား ပစ်မှတ်ထားနေပါတယ်။