ပေါမာဆန်ရဲ့ လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံအသင်း၊ ရွှေဖိနပ်ဆုနဲ့ PFA ဆုတွေ ခန့်မှန်း ဟောကိန်းထုတ်မှု

နောက်လမှာတော့ ၂၀၂၂-၂၃ ပရီးမီးယားလိဂ် ရာသီ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။ ဘောလုံးပွဲ ခန့်မှန်း ဆရာကြီး ပေါမာဆင် ကတော့ ဘောလုံးရာသီသစ်အတွက် သုံးသပ်ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့ပြီ ဖြစ်ရာ အဓိက ကျတဲ့ ခန့်မှန်းမှုတွေကို ရွေးထုတ် တင်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ

မန်စီးတီးပဲ ပရီးမီးယားလိဂ်ဖလားကို ဗိုလ်စွဲသွားမယ်ထင်ပါတယ်။ ဟာလန်းရောက်လာတာက ဂွါဒီယိုလာအတွက် အားတက်စရာပါ။ မန်စီးတီးအတွက် အနည်းဆုံးနှစ်ဦးပေါင်း ဂိုး ၃၀ လောက်သွင်းပေးနိုင်တဲ့ ဂျေဇူးနဲ့ စတာာလင်တို့ ထွက်သွားတာက မန်စီးတီးအတွက် အဓိက ပြဿနာပါ။

လီဗာပူးဘက်မှာလည်း ပွဲကြီးတွေမှာ ဂိုးသွင်းနိုင်တဲ့ မာနေးကို ဆုံးရှုံးလိုက်ရတာကလည်း တစ်ခုတည်းသော ပြဿနာပါ။ နူနက်ဇ် အနေနဲ့ ဒီယက်စ်လိုမျိုး အလျင်အမြန် အထိုက်ကျဖို့ လိုပါတယ်။ တကယ်လို့ နူနက်ဇ်သာ ချက်ချင်း ခြေစွမ်း မပြနိုင်ဘူးဆိုရင် မန်စီးတီးကပဲ ဗိုလ်စွဲသွားမယ် ထင်ပါတယ်။

ရွှေဖိနပ်ဆု

တစ်ယောက်ယောက်က ရွှေဖိနပ်ဆု ဘယ်သူရမလဲလို့ မေးလာရင် ကျွန်တော်က ဟယ်ရီကိန်းလို့ပဲ အမြဲတမ်း ပြောလေ့ ရှိပါတယ်။ သူက ပြီးခဲ့တဲ့ရာသီတုန်းက ဒီဇင်ဘာ မတိုင်ခင် ၃ ဂိုးပဲ သွင်းနိုင်ခဲ့ပေမဲ့ ရာသီအဆုံးသတ်မှာ ဆာလတ်နဲ့ ဆွန်ဟောင်မင်တို့နောက် ၄ ဂိုးအကွာနဲ့ ရှိခဲ့တာပါ။

ဟာလန်းက ရွှေဖိနပ်ဆုအတွက် တိုက်ပွဲဝင်ဖို့ ထိုက်တန်သူဖြစ်ပြီး ဂျေဇူးကလည်း အလားအလာရှိသူပါ။ အာဆင်နယ်က ဖန်တီးမှုအားကောင်းလို့ ဘရာဇီးရဲ့ အနေအထားကိုလည်း စောင့်ကြည့်ရပါမယ်။

PFA အကောင်းဆုံးဆု

မန်စီးတီးကို ပရီးမီးယားလိဂ် ဖလားရမယ် ပြောထားတာကြောင့် PFA အကောင်းဆုံး ကစားသမားဆု အတွက် ဒီဘရိုင်း ကလွဲရင် တခြား ကစားသမား မမြင်မိပါဘူး။ ကျွန်တော့်အမြင်မှာ သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ပြီး ၂၀၂၁-၂၂ ရာသီ ဒုတိယ ရာသီဝက်မှာလည်း အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေကို ထုတ်ပြ ထားခဲ့ပါတယ်။