အဖြူရောင် ဂျာစီသစ်၊ ကမ်းလှမ်းထားတဲ့ ဘယ်စွန်ခံစစ်၊ ဒီဂျောင် လက်မလျှော့သေးခြင်းနဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ
မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီး အသင်းတို့ဟာ လန်းစ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား ဂျိုနသန် ကလော့ကို အပြိုင်ဝယ်ယူဖို့ ကြိုးစားနေကြပါတယ်။ ချဲလ်ဆီးအသင်းက ဂျိုနသန်ကလော့ပ်ကို ခေါ်ယူဖို့ မနှစ်တည်းက စိတ်ဝင်စားခဲ့ပြီး ယခုအခါမှာတော့ ယူနိုက်တက်အသင်းဟာ ပေါင် ၈ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ် လို့ Evening Standard သတင်းက ဆိုပါတယ်။
မန်ယူအသင်းဟာ ဒီနေ့မှာ အသင်းရဲ့ လာမယ့်ရာသီ ဝတ်ဆင်မယ့် အဝေးကွင်း ဂျာစီကို ထုတ်ဖော် မိတ်ဆက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဂျာစီကတော့ အဖြူရောင်ကို အခြေခံထားတာပါ။

မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ တိုက်စစ်ကစားသမား လင်ဂတ်ဟာ မေဂျာလိဂ်ကလပ်တွေထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာ လင်ဂတ်ကို ရွန်းနီရဲ့ ဒီစီယူနိုက်တက်က ကြိုးပမ်းနေသလို ဆော်ဒီ ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ရရှိထားတာပါ။ လင်ဂတ်အနေနဲ့ လာမဲ့တစ်ပတ်အတွင်း အသင်းသစ် ရှာဖွေသွားဖွယ် ရှိနေပါတယ်။
ဘာစီလိုနာရဲ့ အမေရိကန် ရာသီကြို ခရီးစဉ် လိုက်ပါမယ့် လူစာရင်းမှာ ကွင်းလယ်ကစားသမား ဒီဂျောင် ပါဝင် နေပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီဂျောင်ကို ခေါ်ယူဖို့ လုံးဝ လက်လျှော့သွားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးတောင်ပံကစားသမား ဇီးယက်ချ်ကို ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ GiveMeSport က ဖော်ပြထားပါတယ်။ မော်ရိုကို တိုက်စစ်မှူးဟာစတမ်းဖို့ဘရစ်ချ်ကနေ ထွက်ခွာပြီး စီးရီးအေကလပ် အေစီနဲ့ ချိတ်ဆက်နေပါတယ်။ မန်ယူကလည်း ဇီးယက်ချ်ရဲ့ အခြေအနေကိုကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
မန်ယူနဲ့ ချဲလ်ဆီးတို့ ဒီနွေအစမှာ ချိတ်ဆက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှုးကြီး လီဝန်ဒေါစကီးကတော့ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။
အေဂျက် ခံစစ်မှုး မာတီနက်ဇ်ဟာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီးနောက် မနေ့တည်းက ဆေးစစ်ဖို့ မန်ချက်စတာမြို့သို့ လာရောက်ခဲ့ပါတယ်။ မာတီနက်ဇ်ကို မန်ယူက ပေါင် ၄၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။
လီဗာပူးက မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်တဲ့ အေဂျက်ဇ်တောင်ပံကစားသမား အန်တိုနေးကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။ ဒါပေမဲ့ လီဗာပူး က အန်တိုနေးကို အခုနှစ်နွေရာသီမှာ ခေါ်မှာ မဟုတ်ဘဲ လာမဲ့ ၂၀၂၃ ခုနှစ်မှာ ခေါ်ယူမှာပါ။ ဒါကြောင့် အန်တိုနေး အေဂျက်ဇ်မှာ ဆက်ရှိဖို့ လီဗာပူး က မျှော်လင့်ထားပါတယ်။