မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ထဲ ဘယ်အသင်းကို ပိုမုန်းနေမိလဲ ဖွင့်ဟလာတဲ့ မန်ယူတိုက်စစ်မှုး ရက်ဖို့ဒ်

မန်ယူ တိုက်စစ်မှုး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ထဲက ဘယ်အသင်းကို ပို မုန်းတီးနေမိသလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပြီး ပြိုင်ဘက် ၂ သင်းကြားက ကွာခြားချက်ကို ရှင်းပြခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်အတွက်တော့ ပြီးခဲ့တဲ့ရာသီ အချိန်အများစုဟာ ထင်သလို ဖြစ်မလာခဲ့တာဖြစ်ပြီး ယုံကြည်ချက် ပျောက်ဆုံး နေပုံပေါ်တာကြောင့် ပွဲထွက်လူစာရင်းမှာလည်း နေရာမရဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေဟာ ဘဝတလျှောက်လုံး မန်ချက်စတာယူနိုက်တက်ကိုပဲ အားပေးခဲ့တဲ့ အကယ်ဒမီထွက် ငယ်မွေးခြံပေါက်ကစားသမားနဲ့ ဆက်နွယ်မှုရှိနေဆဲဖြစ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်ရဲ့ အပြင်းထန်ဆုံး ပြိုင်ဘက်တွေအကြောင်း သေသေချာချာ ရှင်းပြခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ၂ သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ထဲက ဘယ်အသင်းကို အမုန်းဆုံးလဲ ဆိုတာ အဖြေပေးခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မုန်းတီးတဲ့အသင်းရှိလားလို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပြီး ယာဂန် ကလော့ပ်ရဲ့အသင်းက နံပါတ် ၁ အမုန်းတီးဆုံးလို့ အဖြေပေးခဲ့တာ အားလုံးအတွက် အံ့အားသင့်စရာတော့ မဟုတ်ခဲ့တာဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ လီဗာပူးလ်ပါ။ ကျွန်တော် လီဗာပူးလ်၊ မန်စီးတီးတို့ကို မနှစ်သက်ပါဘူး။ လီဗာပူးလ်ကတော့ သမိုင်းကြောင်းတွေရှိခဲ့တဲ့အတွက် နည်းနည်းပိုပြီးတော့ မုန်းတီးမိပါတယ်။

ဒါပေမယ့် မန်စီးတီးနဲ့ကျတော့ ခင်ဗျား သူတို့ကို မကြိုက်ဘူးဆိုသလောက်ပါပဲ။ ဒါပေမယ့် ခင်ဗျား သူတို့ကို မကြိုက်ရတဲ့ ကြီးကြီးမားမား အကြောင်းပြချက်ရှိလားဆိုရင် မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ၁၉၃၀ ကျော်ကာလတွေနဲ့ ၁၉၆၀ ကျော်ကာလတွေမှာသာ လိဂ်ဖလားကို ရရှိခဲ့တာဖြစ်ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ငယ်ဘဝတုန်းက အသင်းကြီးတစ်သင်းအဖြစ် ရပ်တည်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် မွေးဖွားတဲ့အချိန်မှာ မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံရှစ်မှာ ရှိနေခဲ့ပြီး အဲဒီရာသီအဆုံးမှာ တတိယတန်းကို တန်းဆင်းသွားခဲ့ရတာဖြစ်ပါတယ်။