မသွားဘူး ဆိုတဲ့ တာဗာရက်စ် ၊ ဇင်ချန်ကို၊ ကန်တေ၊ လူသစ်တွေ မျှော်နေတဲ့ ရမ်ဒေးစ်နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းများ

အာဆင်နယ် တိုက်စစ်မှူးသစ် ဂျေဇူးက သူ့ကို အမ်းမရိတ်စ်ထံ ရောက်ရှိလာအောင် နည်းစနစ် ဒါရိုက်တာ အီဒူးက စည်းရုံးခဲ့ခြင်းဖြစ်တယ် လို့ ထုတ်ဖော်ခဲ့ပါတယ်။ အီဒူးနဲ့ ဆွေးနွေးမှုက ကောင်းမွန်ခဲ့ပြီးအသင်းရဲ့ပရောဂျက်အပေါ် ကျေနပ်မိခဲ့ကြောင်း ဂျေဇူးက ဆိုခဲ့ပါတယ်။

အာဆင်နယ် ဂိုးသမား ရမ်ဒေးစ်ကတော့ နွေရာသီဈေးကွက်မပိတ်သိမ်းခင် ကစားသမားသစ်တွေ ထပ်ရောက်လာဖို့ မျှော်လင့်နေပါတယ်။ သူတို့ဟာ ငယ်ရွယ်ပြီး နိုင်လိုစိတ်ပြင်းထန်တဲ့ ကစားသမားတွေကိုအားဖြည့်ထားကြောင်း၊ မိမိတို့အနေနဲ့ နွေရာသီဈေးကွက်မတိုင်ခင် အသင်းကို အတောင့်တင်းဆုံး ဖြစ်အောင် ပြုလုပ်နိုင်ဖို့ မျှော်လင့်ကြောင်း ရမ်ဒေးစ်က ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ တိုင်လီမန်းစ်ကို ခေါ်ယူဖို့အတွက် အသင်းရဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ နိုင်းလ်နဲ့ တော်ရိုင်းရားတို့ကို ပြန်လည်ရောင်းထုတ်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

ဂန်းနား တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ် က သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်း အနေနဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တေ ကို ခေါ်ယူ သင့်တယ်လို့ ပြောကြား လိုက်ပါတယ်။

အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရို့စ်က အသင်းကိုရောက်ရှိလာတဲ့ ကွင်းလယ်လူသစ် ဗီယာရာကို မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ကွင်းလယ်လူ အိုဒီဂတ်က တစ်ကိုယ်ကောင်းမဆန်ဘဲ သူ့ကိုယ်သူထက် အသင်းကို ပိုမိုဦးစားပေးသူဖြစ်ကြောင်း၊ အိုဒီဂတ်ဟာ အာဆင်နယ်မှာ ပွဲကစားခွင့် မရတဲ့အချိန်တွေမှာ လေ့ကျင့်ရေးကွင်းကို အစောဆုံး လာကာ နောက်ကျမှ ပြန်သွားပြီး ကြိုးစားအားထုတ်ခဲ့သူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

မန်စီးတီး နောက်ခံလူ ဇင်ချန်ကို ဟာ အသင်းရဲ့ လေ့ကျင့်ရေး ကွင်းမှာ အသင်းဖော်တွေကို နှုတ်ဆက် ခဲ့ပြီး အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့မှု ပြုလုပ်ဖို့ ထွက်ခွာ သွားခဲ့ပြီလို့ သိရပါတယ်။

မန်စီးတီး ကွင်းလယ်လူ ရိုဒရီက အာဆင်နယ်ကို ပြောင်းတောမဲ့ ဇင်ချန်ကို အား နှုတ်ဆက်စကား ပြောဆိုခဲ့ပါတယ်။ သူတို့အနေနဲ့ ဇင်ချန်ကိုကို လွမ်းဆွတ်နေမှာဖြစ်ကြောင်း၊ ဇင်ချန်ကိုဟာ အသင်းဖော်ကောင်းဖြစ်ပြီး မိမိတို့နဲ့ ထပ် ရှိနိုင်တော့မှာ မဟုတ်ကြောင်း၊ အာဆင်နယ်ကို ပြောင်းရွှေ့တဲ့အပေါ် သူ့အတွက် မိမိတို့လည်း ဝမ်းသာမိကြောင်း ရိုဒရီက ဖွင့်ဟခဲ့ပါတယ်။

ရီးရဲလ် တိုက်စစ်မှုး အဆန်စီရို ဟာ အေးဂျင့် ဖြစ်သူအား ထုတ်ပယ်လိုက်တာကြောင့် အဆန်စီရို ကို ခေါ်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်နဲ့ နယူးကာဆယ် တို့ အနေနဲ့ အခွင့်အရေး ရလာဖွယ် ရှိနေပါတယ်။

အာဆင်နယ် နောက်ခံလူ နူနို တာဗာရက်စ် ကလည်း မာဆေး အသင်းဆီ တရာသီ အငှား သွားရောက် ကစားဖို့ ကို ငြင်းဆိုခဲ့တယ်လို့ သိရပါတယ် ။