ကွန်ဒီကို ကမ်းလှမ်းခြင်း၊ လာချင်နေတဲ့ ဒီဂျောင်၊ ဘရိုဂျာ၊ ပင်နယ်တီမှာ ရှုံးတဲ့ ပွဲနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးအသင်းဟာ ယနေ့ မနက် အစောပိုင်း ချာလော့တီ နဲ့ ခြေစမ်းပွဲမှာ ပူလီဆစ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီး ပေးလိုက်ရတဲ့ ပင်နယ်တီဂိုးကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။
ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ချဲလ်ဆီးဘက်က ဂယ်လက်ဟာ လွဲချော်ခဲ့တာကြောင့် ချာလော့တီက ၅-၄ဂိုးနဲ့ အနိုင်ရ ရှိသွားခဲ့ပါတယ်။
ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်အနေနဲ့ တကယ်လို့ ဘာစီလိုနာကနေ ထွက်ခွာဖြစ်ခဲ့ရင်တောင် မန်ယူကို ပြောင်းရွှေ့မှာ မဟုတ်ဘဲ ချဲလ်ဆီးကိုသာ ရွေးချယ်ဖွယ် ရှိနေတယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ချဲလ်ဆီး တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ဟာ အခု နွေရာသီမှာ အငှား နဲ့ ထွက်ခွာဖို့ စိတ်ကူး မရှိတော့ဘဲ အပြီးသတ် ဝယ်ယူမယ့် အသင်းမရှိပါက ချဲလ်ဆီး မှာ ဆက်နေသွားမယ်လို့ သိရပါတယ်။
ဝက်စ်ဟမ်း နည်းပြ မိုရက်စ် ဟာ ဘရိုဂျာ ကို စိတ်ဝင်စား နေပေမယ့် အပြီးသတ် ဝယ်ယူရမယ့် ဈေးနှုန်း ကိုတော့ ချဲလ်ဆီး နဲ့ ပြန်လည် ညှိနှိုင်းဖို့ လိုအပ် နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီး အသင်းဟာ ဆီဗီလာအသင်းမှ နောက်ခံလူ ကွန်ဒီကို ပေါင် ၅၅ သန်းနဲ့ ထပ်မံတိုးမြှင့် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း သတင်းရရှိပါတယ်။

ကွန်န်ဒီကို ချဲလ်ဆီးက လုပ်ခ တစ်နှစ်ကို ယူရို ၁၂ သန်းနဲ့ ကမ်းလှမ်းထားပြီး ဘာစီလိုနာကတော့ တစ်နှစ်ကို ယူရို ၆ သန်းနဲ့ ကမ်းလှမ်းထားပါတယ်။ ဆီဗီလာကတော့ နှစ်သင်းစလုံးကို လက်ခံထားပြီး ကစားသမားကိုယ်တိုင် ဆုံးဖြတ်ချက် ချဖို့ပဲ ကျန်ပါတယ်။
ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့နဲ့ သတင်းထွက်ခဲ့တဲ့ ပြင်သစ်နောက်ခံကစားသမား ကလောစ့်ကတော့ ပြင်သစ်ကလပ် မာဆေးလ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီပဲဖြစ်ပါတယ်။