စွာလွန်းသော ခြေစွမ်းတွေနဲ့ ယူနိုက်တက် အသင်းသားကြောင့် ရော်နယ်ဒိုကို အရန်ခုံပို့တော့မယ့် တန်ဟက်

မန်ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် အဲရစ်တန်ဟက်က ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ဂိုးတွေမြူးနေတဲ့ တိုက်စစ်ကစားသမား မာရှယ်ကို အသင်းမှာ ဆက်လက် ထားရှိသွားဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတွေအတွင်း မန်ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်းတွေ ပြသဖို့ ရုန်းကန်နေရသလို အငှားနဲ့ သွားကစားတဲ့ ဆီဗီလာအသင်းမှာလည်း ခြေစွမ်းမပြနိုင်ခဲ့လို့ မန်ချက်စတာကိုသာ ပြန်လာခဲ့ရတဲ့ တိုက်စစ်မှူး မာရှယ်ဟာ ရာသီကြိုမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာပါ။

နည်းပြတန်ဟက်က သူ့ကို ရာသီကြို ခြေစမ်းပွဲစဉ်အတွင်း ယုံယုံကြည်ကြည် ကစားခွင့်ပေးခဲ့ရာကနေ မာရှယ်ဟာ ခြေစမ်းပွဲ (၃) ပွဲအတွင်း ပွဲတိုင်း ဂိုးသွင်းခဲ့ကာ သွင်းဂိုး (၃) ဂိုးနဲ့အတူ တန်ဟက်ပေးတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။

အခုလို စွမ်းဆောင်ရည်တွေကြောင့် နည်းပြတန်ဟက်က မာရှယ်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးလို့ ယူဆလာခဲ့တဲ့အတွက် သူ့ကို အသင်းရဲ့ အရောင်းစာရင်းထဲကနေ ဖယ်ရှားခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွင်း အသင်းရဲ့ လူစာရင်းမှာပါ ပုံမှန် နေရာပေးသွားဖို့အထိ စီစဉ်လာခဲ့တယ်လို့ သိရှိရပါတယ်။

လာမယ့်တစ်ပတ်အတွင်း ခရစ္စတီယာနိုရော်နယ်လ်ဒို အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းပြီဆိုရင်တောင် မာရှယ်ကိုပဲ အသင်းရဲ့ ဦးစားပေး တိုက်စစ်ကစားသမားအဖြစ်နဲ့သာ ဆက်သုံးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆန်ချို-မာရှယ်-ရက်ဖို့ဒ် တိုက်စစ်တွဲလုံးကိုပဲ လာမယ့် ဘောလုံးရာသီ ပွဲအများစုမှာ အသုံးပြုဖွယ်း ရှိနေပါတယ်။

အသင်းရဲ့ စူပါစတား ရော်နယ်လ်ဒိုသာ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းမယ်ဆိုရင်တောင် လက်ကျန်ခြေစမ်းပွဲတွေမှာ မာရှယ်ကိုသာ အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက် အသုံးပြုနေဦးမှာ ဖြစ်တယ်လို့ သိရတာဖြစ်ပါတယ်။