ဆာလာရဲ့ လာဘ်ကီးဖွင့်ပေးမှုက နူးနက်စ်ကို သွင်းဂိုးတွေရစေခဲ့တယ်လို့ ကလော့ပ် ထုတ်ဖော်
ချန်ပီယံလိဂ်မှာ ပါဝင်ယှဉ်ပြိုင်မယ့် ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းနဲ့ ပွဲစဉ်မှာ ၄၅ မိနစ်အတွင်း ၄ ဂိုး သွင်းယူခြင်းနဲ့အတူ နူးနက်က သူ့အပေါ် ဝေဖန်နေတဲ့ ပြိုင်ဘက် ပရိတ်သတ်တွေကို အကောင်းဆုံး တုန့်ပြန်သွားခဲ့ပါတယ်။
လီဗာပူးအသင်းကို ကလပ်စံချိန်တင်ကြေး ပေါင် ၈၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ နူးနက်ဟာ ကစားသမားဘဝ ပထမဆုံး ၂ ပွဲမှာ ခြေစွမ်း မပြနိုင်ခဲ့တာကြောင့် ဂျင်းတိုက်စစ်မှူးအဖြစ် ပြိုင်ဘက် ပရိတ်သတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရသူ ဖြစ်ပါတယ်။

ဒါပေမယ့် ကလော့ပ်ရဲ့ နည်းစနစ်မှာ အထိုင်ကျလာတဲ့ နူးနက်က သွင်းဂိုး ၄ ဂိုးကို ဆက်တိုက် သွင်းယူခြင်းနဲ့အတူ သံသယဝင်နေသူတွေကို ပါးစပ်ပိတ်စေခဲ့ပါတယ်။
” ပင်နယ်တီရခဲ့ချိန် မိုက ဒါဝင်ကို ကန်ခွင့်ပေးခဲ့ပါတယ်။ ပင်နယ်တီကို ဒါဝင် အဆုံးသတ်အပြီးမှာ ပန်ဒိုရာ သေတ္တာက ပွင့်သွားခဲ့ပါတယ်။ သူ့အတွက်တော့ ပြီးပြည့်စုံတဲ့ ညခြမ်းလေးပါပဲ ” လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။
အဖွင့်ဂိုးအဖြစ် ပင်နယ်တီကို အဆုံးသတ်ပြီးနောက်မှာ နူးနက်ဟာ နောက်ထပ် ၃ ဂိုးကို ဧရိယာထဲကနေ ပိတ်သွင်းခဲ့တာပါ။ ဒီသွင်းဂိုးတွေက သူ့ရဲ့ ဖိအားတွေကို ဖယ်ရှားပေးလိမ့်မယ်လို့ ကလော့ပ်က ယုံကြည်နေပါတယ်။

” ပြောင်းရွှေ့ကြေး အများကြီးပေးပြီး ခေါ်ယူလိုက်ပြီဆိုရင် အဲ့ကစားသမားက ဘာဖိအားမှ မရှိဘူး ဒါမှမဟုတ် ချက်ခြင်း ခြေစွမ်းပြမယ်လို့ လူတွေ အမြဲတမ်း ထင်တတ်ကြပါတယ်။ သူတို့ကလည်း သာမာန် လူသားတွေပါပဲ ဖိအားတွေကြောင့် ဘောလုံးတောင် မထိန်းနိုင်တော့ပါဘူး။
ဒီမျိုးဆက် ကစားသမားတွေက သိပ်ပြီး စမတ်မကျလှတဲ့ လူမှုကွန်ယက်ပေါ်က စကားသံတွေကို သိပ်ဖတ်ကြပါတယ်။ အဲ့မှာက ကိုယ့်အတွက် အကျိုးယုတ်စေမယ့် ဝေဖန်မှုတွေကိုပဲ မြင်ကြရပါလိမ့်မယ်။
သွင်းဂိုးကတော့ ဒီလို ဝေဖန် ဆွေးနွေးမှုတွေကို ရပ်တန့်သွားစေဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ သူက ကျနော်တို့မှာ ရှိထားတဲ့ တိုက်စစ်သမားတွေနဲ့ မတူဘဲ ခြားနားတဲ့ တိုက်စစ်ပုံစံရှိသူဖြစ်ပါတယ်။ နောက်ပြီး သူက အတော်ကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ပါတယ် ” လို့ ယာဂင်ကလော့ပ်က ဆိုသွားခဲ့တာ ဖြစ်ပါတယ်။