ကိုးမန်း ရာထူးက ထုတ်ပယ်ခံခဲ့ရပြီး ဘာကာ နည်းပြရာထူးအတွက် ဇာဗီ ရေပန်းစားလာ

ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေ ဆက်တိုက် ဆိုသလို ကြုံတွေ့နေရတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ် ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ရီးရဲယ်မက်ဒရစ်ကို အိမ်ကွင်း နူးကမ့်မှာ ရှုံးနိမ့်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲ အပြီးမှာ ဘာစီလိုနာပရိသတ်တွေက နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုနေခဲ့ကြတာဖြစ်တယ်။

ပွဲအပြီး နူးကမ့်ကွင်းထဲက ထွက်လာတဲ့ ကိုးမန်းရဲ့ ကားကို ဘာစီလိုနာပရိသတ်တွေက ဝိုင်းဝန်းပိတ်ဆို့ လှောင်ပြောင်ခဲ့ကြပြီး ပရိသတ်အချို့ကတော့ သူ့ကားကို ရိုက်ပုတ်ကန်ကျောက်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့်လို့ အချိန်ဆက်ပေးခဲ့ပြီး ညတုန်းက ဘာစီလိုနာနဲ့အတူ ၄ ပွဲဆက်တိုက် အရေးနိမ့်မှုအဖြစ် ဗယ်လက်ကာနို အသင်းကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တာပါ။ ပွဲအပြီးမှာ မန်နေဂျာကိုမန်းက သူတို့အသင်း ကစားပုံကတော့ ကောင်းခဲ့ပါတယ်လို့ ကာကွယ်ပြောဆိုပေမယ့် နာရီပိုင်း အကြာမှာပဲ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ဇာဗီကလည်း ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိပါတယ်။

ဇာဗီရဲ့နောက်မှာ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ နည်းပြတွေ ကတော့ အေဂျက်နည်းပြ တန်ဟက် ၊ ဘယ်လ်ဂျီယံအသင်း နည်းပြ မာတီနက်ဇ်တို့ပဲ ဖြစ်ပါတယ်။