နိုင်ပွဲ ရပ်သွားတဲ့ တန်ဟက်၊ ဇွတ်ပြောင်းဖို့ လုပ်နေဆဲ ဒိုလေး၊ အန်တိုနေးကို မရောင်းတဲ့ အေဂျက်နဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

ရာသီကြိုမှာ ခြေစွာပြီး ဂိုးပြတ်ချည်း နိုင်နေတဲ့ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အက်စတွန်ဗီလာနဲ့ ဒီနေ့ ညနေ ခြေစမ်းပွဲမှာတော့ နိုင်ပွဲ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူက စတီဗင်ဂျရတ် နည်းပြနေတဲ့ အက်စတွန်ဗီလာ ကို ပထမပိုင်း ပြီးချိန်မှာ ၂-ဝ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် ၂-၂ နဲ့ သရေကျသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က လူငယ်ကစားသမား၂ ဦးဖြစ်တဲ့ မာဂျာဘရီနဲ့ ဂါနာတို့အနေနဲ့ ဒီရာသီ စီနီယာ အသင်းထံမှာ ပါဝင်ကစားဖြစ်မယ်ဆိုရင် သက်သေပြဖို့ လိုအပ်တယ်လို့ သတိပေး လိုက်ပါတယ်။

အေဂျက်ဇ်နည်းပြ Alfred Schreude က သူတို့အနေနဲ့ မန်ယူပစ်မှတ်ထားနေတဲ့ တိုက်စစ်ကစားသမား အန်တိုနေးကို လုံးဝရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြတ်သားစွာ သတိပေးခဲ့ပါတယ်။

မာတီနက်ဇ်ကို လက်လွှတ်ခဲ့ရပြီးနောက် အေဂျက် အနေနဲ့ နောက်ထပ် ဘယ်ကစားသမားကိုမှ ရောင်းထုတ်မှာ မဟုတ်တော့ကြောင်း၊ အန်တိုနေးအနေနဲ့လည်း အသင်းမှာ ဆက်နေမယ်လို့ ထင်မြင်မိကြောင်း အေဂျက်ဇ်နည်းပြက ဆိုခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း မာတစ်က မော်ရင်ဟိုရဲ့ရိုးမားအသင်းထံပြောင်းဖို့ ၅ မိနစ်တောင် မစဉ်းစား လိုက်ရဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဆာဘီးယားသားဟာ ကစားသမားဘ၀ မော်ရင်ဟိုလက်အောက်မှာ ၃ ကြိမ်မြောက်ကစားမှာဖြစ်ပြီး ယခင်က ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့မှာ လက်တွဲခဲ့ဖူးတာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ အေးဂျင့် ဂျော့ မန်ဒက်စ် ဟာ ပေါ်တူဂီသားကြီး ရဲ့ ဆန္ဒအတွက် နောက်ဆုံး ကြိုးစားမှု အဖြစ် အက်သလက်တီကို မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ဖို့ လုပ်ဆောင် နေတယ်လို့ သတင်း ထွက်ပေါ် နေပါတယ် ။

မာရှယ်ဟာ ဒီနွေမှာ သူ့ရဲ့ အိုးထရက်ဖို့ဒ် ကစားသမားဘဝကို ပြန်လည် အသက်သွင်းခဲ့တဲ့နောက် ယူနိုက်တက်မှာ ဆက်နေသွားတော့မှာပါ။ သူဟာ ရော်နယ်ဒို မပါဝင်တဲ့ ရာသီကြိုအတွင်း ၃ ပွဲမှာ ၃ ဂိုး သွင်းယူခဲ့သလို နည်းပြသစ် တန်ဟက်က ၎င်းကို မရောင်းချဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဖရန်ကီ ဒီဂျောင် ကို မရနိုင်တော့ ပါက လာဇီယို အသင်းမှာ ကစားနေတဲ့ ဆားဘီးယား ကွင်းလယ်လူ မီလန်ကိုဗစ် ဆာဗစ် ကို ပြောင်းလဲ ပစ်မှတ်ထားဖွယ် ရှိတယ်လို့ အီတလီ သတင်းတွေက ဖော်ပြ လာခဲ့ပါတယ်။