လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးကို ၄-ဝ နဲ့ ဂိုးပြတ်အနိုင်ယူပြီး ရာသီကြိုမှာ ရာနှုန်းပြည့်နိုင်ပွဲ အာဆင်နယ် ဆက်ထိန်း

အာဆင်နယ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ရာသီကြို ချစ်ကြည်ရေး ခြေစမ်းပွဲ ယှဉ်ပြိုင်ကြရာ နည်းပြ အာတီတာရဲ့ အာဆင်နယ် က ၄-ဝ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

အာဆင်နယ် က ပွဲထွက်မှာ မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်၊ ဆာလီဘာနဲ့ ကစားသမားသစ် ဇင်ချန်ကိုတို့ကို ခံစစ်မှာ ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဂျေဆူးစ်၊ မာတီနယ်လီနဲ့ ဆာကာတို့ကို ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့ကတော့ ဂိုးသမား မန်ဒီ၊ အီမာဆန်၊ ချာလိုဘာ၊ သီယာဂို ဆေးလ်ဗား၊ ရီးစ် ဂျိမ်းစ်တို့ကို ခံစစ်မှာ ထားခဲ့ပြီး ၃-၄-၃ ကို စွန့်လွှတ်ခဲ့သလို ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဂါလာဂါနဲ့ မေဆန်မောင့်တို့ကို နေရာချထားခဲ့ချိန်မှာ တိုက်စစ်ပိုင်းမှာတော့ စတာလင်၊ တီမို ဗာနာနဲ့ ဟာဗတ်ဇ်တို့ကို ပွဲထွက်စေခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ချဲလ်ဆီးခံစစ်က ချာလိုဘာ လူပေးမှားရာ ကနေ ချာကာ ပြန်ရပြီး ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ အသင့်နေရာယူထားတဲ့ ဂျေဆူးစ်က ရှေ့ထွက်ပိတ်ဖို့ ကြိုးစားတဲ့ ဂိုးသမား မန်ဒီပေါ်ကနေ ကျော်ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ရဲ့ တည်ဆောက်ပုံက အသင်းဖော်တွေချင်း နားလည်မှုနည်းပြီး ဝက်စ်ဘရွန်း၊ ပဲလေ့စ် အသင်းတွေဆီ အငှားထွက်ကစားရာက ခြေစွမ်းပြနိုင်ခဲ့တဲ့ ဂါလာဂါကို ကွင်းလယ် တစ်နေရာ ပေးခဲ့ရာမှာ အတွဲအဖက် မမိခဲ့တဲ့ အပြင် ၄-၃-၃ ကစားကွက်နဲ့ သိပ်ပြီး အထိုင်မကျသေးတာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဒီဂိုးမှာလည်း ဂိုးသမား မန်ဒီရဲ့ ကန်တင်ပုံ လွဲမှားမှု ကနေ ပါတေး ဖြတ်ယူသွားပြီး ဘယ်ခြမ်းကို ထုတ်ပေးခဲ့ရာမှာ မာတီနယ်လီက ခံစစ်သမားတွေကို ဆွဲခေါ်သွားပြီးမှာ အတွင်းကို ပြန်ချပေးရာမှာ ဂျော်ဂျင်ညိုနောက်က နေရာလွတ်ထဲ ပြေးဝင်သွားတဲ့ အော်ဒီဂွါဒ်က တစ်ချက်ထိန်းပြီး အနိမ့်ဘောကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒီဂိုးမှာ အာဆင်နယ်ကပ္ပတိန် အော်ဒီဂွါဒ်အနေနဲ့ ချဲလ်ဆီးတို့ရဲ့ နားလည်မှုနဲ့ စုဖွဲ့မှု မကောင်းတဲ့ ခံစစ်ရဲ့ ဂျော်ဂျင်ညိုနဲ့ သီယာဂို ဆေးလ်ဗားတို့ကြားက နေရာလွတ်ကို အကောင်းဆုံး အသုံးချသွားနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာ မေဆန်မောင့်ရဲ့ ကန်ချက် တိုင်ထိခဲ့တာကသာ သူတို့အတွက် ရင်ခုန်စရာဖြစ်ခဲ့ပြီး ပထမပိုင်းပြီးချိန်မှာ အာဆင်နယ်ကသာ နှစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အာဆင်နယ်ဘက်က ဇင်ချန်ကိုအစား တာဗာရက်စ် ဝင်လာခဲ့ပြီး ချဲလ်ဆီးဘက်ကတော့ ချာလိုဘာ၊ စတာလင်၊ ဗာနာ၊ ဂါလာဂါ၊ အီမာဆန်တို့အစား မာလန်းဆားရ်၊ အက်ဇ်ပီလီကွေတာ၊ ပူလီရှစ်ချ်၊ ကိုဗာချစ်ချ်နဲ့ မားကို့စ် အလွန်ဆိုတို့ ဝင်လာခဲ့ပြီး ၃-၄-၃ ကစားကွက်ကို ပြန်ပြောင်းကစားလာခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယဂိုး ထပ်ရခဲ့သလို ဒီဂိုးကိုတော့ တိုက်စစ်ဆင်လာတဲ့ မာတီနယ်လီနဲ့ ချာကာတို့ရဲ့ ကန်ချက်တွေကို ဆက်တိုက်ပုတ်ထုတ်ခဲ့ရတဲ့ ချဲလ်ဆီးဂိုးသမား မန်ဒီ ပြန်မထနိုင်ခင်မှာ နောက်တန်းတွေ ကြားကနေ လွတ်သွားတဲ့ ဆာကာက အနီးကပ် ပိတ်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

တတိယဂိုးရအပြီးမှာတော့ ပွဲချိန် ၇၂ မိနစ်မှာ အာဆင်နယ်ဘက်က ဆာကာအစား မားကင်ညို့စ်၊ ဘင်ဝှိုက်အစား ဆီးဒရစ်၊ ပါတေးအစား အယ်လ်နန်နီ၊ မာတီနယ်လီအစား ပေပေ၊ ရမ်းစ်ဒေးလ်အစား တာနာတို့ ဝင်ကစားခဲ့ကြပြီး ချဲလ်ဆီးဘက်ကတော့ ဂျော်ဂျင်ညိုအစား အမ်ပါဒူးနဲ့ သီယာဂို ဆေးလ်ဗားအစား ကူလီဘေလီတို့ကို ထည့်ခဲ့သလို ပွဲချိန် ၇၈ မိနစ်မှာတော့ ဂန်းနားတွေဘက်က ချာကာနဲ့ အော်ဒီဂွါဒ်အစား မိတ်လန်းနိုင်းလ်စ်နဲ့ လိုကွန်ဂါတို့ ဝင်လာခဲ့ကြတာပါ။

နာကျင်အချိန်ပို ၂ မိနစ် ပေးခဲ့တဲ့ ပွဲရဲ့ ပြီးဆုံးဖို့ စက္ကန့်ပိုင်းအလိုမှာတော့ အာဆင်နယ်တို့ ပွဲသိမ်း စတုတ္ထဂိုးကို သွင်းယူနိုင် ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဆီးဒရစ်ရဲ့ ဖြတ်တင်ပေးမှုကို ချဲလ်ဆီးနောက်ခံလူတွေ အကပ်ခံမထားရဘဲ ဘယ်ခြမ်းမှာ တစ်ယောက်တည်း လွတ်နေခဲ့တဲ့ လိုကွန်ဂါက မန်ဒီရဲ့ ဘယ်ဘက်ကို ခေါင်းတိုက် သွင်းယူ သွားခဲ့တာဖြစ်ပါတယ်။

အမေရိကန် ခရီးစဉ်ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ ဖလော်ရီဒါဖလား ဖိုင်နယ်ပွဲစဉ်မှာတော့ ချဲလ်ဆီးတို့ကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အော်လန်ဒိုကိုလည်း သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူထားခဲ့တဲ့ အာဆင်နယ်တို့ ဗိုလ်စွဲသွားနိုင်ခဲ့ပါတယ်။