မန်ယူကနေ ရတဲ့နည်းနဲ့ ထွက်ချင်နေတဲ့ ရော်နယ်ဒို ကို ခေါ်ဖို့ အက်သလက်တီကို မက်ဒရစ် အံ့ဖွယ် လှုပ်ရှားလာ

လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ် ဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်လာတယ်လို့ သိရှိရပါတယ်။

စီ ရော်နယ်ဒိုကိုယ်တိုင်က ချန်ပီယံလိဂ်ကစားခွင့်ရမယ်ဆိုရင် အသင်းဟောင်း ရီးရဲလ် မက်ဒရစ်ရဲ့ ပြိုင်ဘက် အက်သလက်တီကိုထံ ပြောင်းရွှေ့ဖို့လည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် စပိန်ကလပ်အသင်းရဲ့ လက်ရှိဘဏ္ဍာရေးအခြေအနေက ရော်နယ်ဒိုကို ခေါ်ယူဖို့ ခက်ခဲနေပါတယ်။ လာလီဂါ ဘဏ္ဍာရေးစည်းမျဉ်းအရ အက်သလက်တီကိုဟာ ကစားသမားတွေရဲ့ လုပ်ခလစာကို လျှော့ချဖို့ လိုအပ်နေပါတယ်။

အဲ့ဒါကြောင့်လည်း အက်သလက်တီကိုဟာ ဘာစီလိုနာကနေ အငှားနဲ့ လာကစားနေတဲ့ ဂရစ်ဇ်မန်းကို အပြီးသတ်ခေါ်ယူပြီး ပီအက်စ်ဂျီထံ ရောင်းချဖို့ ပြင်ဆင်နေတာပါ။

ဂရစ်ဇ်မန်းရဲ့ အငှားစာချုပ်မှာ အက်သလက်တီကိုအနေနဲ့ ဒီကစားသမားကို (၂၀၂၃) ဇွန်မတိုင်ခင် ယူရိုသန်း (၄၀) နဲ့ ခေါ်ယူရမှာဖြစ်ပါတယ်။ အက်သလက်တီကိုက ဒီအချက်ကို အခုနွေမှာတင် အသက်သွင်းကာ ဂရစ်ဇ်မန်းကို ပီအက်စ်ဂျီထံ ပြန်လည်ရောင်းချဖို့ ဒါမှမဟုတ် အငှားချဖို့ ကမ်းလှမ်းထားတယ်လို့ The Mirror သတင်းဌာနက ဖော်ပြပါတယ်။

ဒီလိုသာဆိုရင် အက်သလက်တီကိုအနေနဲ့ တပတ်လုပ်ခ ပေါင် (၃) သိန်းခွဲပေးနေရတဲ့ ဂရစ်ဇ်မန်းရဲ့ လုပ်ခပမာဏကို လျှော့ချနိုင်မှာပါ။

အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုကို ခေါ်ယူနိုင်မှာဖြစ်ပြီး အက်သလက်တီကိုက ဒီအတွက် စတင်ကြိုးစားနေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်ကလည်း ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ သိရှိရပါတယ်။

ရော်နယ်ဒိုအတွက်တော့ လက်ရှိ အက်သလက်တီကိုရဲ့ လှုပ်ရှားမှုက မျှော်လင့်ချက်ရောင်ခြည်တခုဖြစ်လာခဲ့ပါတယ်။ အက်သလက်တီကို ဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ အဆင့် (၃) နဲ့ ရာသီသိမ်းခဲ့ပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားခွင့်ရရှိထားတဲ့ အသင်း တသင်းလည်းဖြစ်ပါတယ်။