ဂိုးပြတ် ရှုံးပွဲ အပြီး တူချယ် ပြောစကားများ၊ လူကာကူ ကို ဆက်ခေါ်ခွင့်ပေးခြင်းနဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းများ

ချဲလ်ဆီး အသင်းဟာ ဒီနေ့ နံနက်က ကစားခဲ့တဲ့ အမေရိကန် ဖလော်ရီဒါ ပြည်နယ်၊ အော်လန်ဒိုမြို့က အာဆင်နယ် အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲမှာ ၄-ဝ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ ထိုပွဲမှာ ချဲလ်ဆီး ခြေစွမ်းက စိတ်ပျက်ဖွယ် ဖြစ်ခဲ့ပြီး လိုအပ်ချက်တွေလည်း များခဲ့ပါတယ်။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ၎င်းတို့ဟာ အာဆင်နယ်ကို ဂိုးပြတ်ခြေပြတ် ရှုံးဖို့ ထိုက်တန်ခဲ့ကြောင်း ဝန်ခံရင်း အတောင့်တင်းဆုံး ပွဲထွက်စာရင်းကို မသုံးခဲ့ခြင်းက လွဲပြီး တခြား ဆင်ခြေပေးစရာ မရှိကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ထိုပွဲအပြီးမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ကွန်းဒေးနဲ့ ပတ်သက်တဲ့ သတင်းနဲ့ ပတ်သက်ပြီး မှတ်ချက် တစုံတရာ မပေးခဲ့ပေမယ့် ၎င်းတို့ဟာ စတာလင်၊ ကူလီဘာလီတို့ကို ခေါ်ယူထားရုံနဲ့ ပြီးမှာ မဟုတ်ကြောင်း ချဲလ်ဆီး ပိုင်ရှင်သစ်တွေနဲ့ ဘုတ်အဖွဲ့ထံ သတိပေးစကား ဆိုခဲ့ပါတယ်။

ချဲလ်ဆီး ဟာ အခုရာသီ အတွက် အင်တာမီလန် ကို အငှား စေလွှတ် ထားတဲ့ တိုက်စစ်မှူး လူကာကူ ကို ရာသီမစတင်ရ သေးမီမှာပဲ နောက်ထပ် ၁ နှစ် ထပ်မံ အငှား ခေါ်ယူလိုက ခေါ်ယူ နိုင်သေးကြောင်း အင်တာမီလန် အသင်းကို အသိပေး အကြောင်းကြား သွားခဲ့တယ်လို့ သတင်း ထွက်လာခဲ့ပါတယ်။

ချဲလ်ဆီး ဘယ်နောက်ခံလူ ဘင်ချီဝဲလ်က သူ့အနေနဲ့ ရာသီသစ်မှာ အသင်းရဲ့ ပင်နယ်တီတာဝန်ယူဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း၊ သူ့ကို ပင်နယ်တီကန်ဖို့ တာဝန်ပေးလာရင် ရယူဖို့ ယုံကြည်ချက်ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

အခုထိ တိကျပြတ်သားတဲ့ အဖြေမထွက်ပေါ် သေးတဲ့ ဂျူးလပ်စ် ကွန်ဒေး ရဲ့ အပြောင်းအရွှေ့ အခြေအနေ မှာတော့ ဆီဗီးလား နဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီး စာရွက်စာတမ်းတွေ ပေးပို့ထားတဲ့ ချဲလ်ဆီး ဟာ ကြာသပတေး ကနေ စနေထိ ၃ ညတိုင်အောင် စောင့်ဆိုင်း နေခဲ့ရမှုအပေါ် မပျော်မရွှင် ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

ကတ်တလန် သတင်း အချို့ ကတော့ ချဲလ်ဆီး ဟာ ကွန်ဒေး အတွက် ပြောင်းရွှေ့ကြေးကို ၄ ရစ် ပေးချေဖို့ ကမ်းလှမ်းထားပြီး ဘာစီလိုနာ က ၂ ရစ်နဲ့ အပြီးသတ် ပေးချေဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြလာပါတယ်။ ဒါပေမယ့် အခုချိန်အထိ ဘာစီလိုနာ ဘက်က တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးပါဘူး။

ဒေးဗစ် အော့စပီနာ နဲ့ ပီပီရေနာ တို့လို ဝါရင့် ဂိုးသမား ၂ ယောက်စလုံး ထွက်ခွာသွားတဲ့ နာပိုလီ ဟာ ချဲလ်ဆီး က ရှင်းထုတ်ဖို့ စိတ်ကူးနေတဲ့ ဂိုးသမား ကီပါ အရစ်ဇာဘလာဟာ ကို အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ ကမ်းလှမ်းဖို့ စိတ်ကူးနေတယ်လို့ အီတလီ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။