ကွန်ဒေ အစားထိုး ပစ်မှတ်များ၊ အချိန်မလောက်မှာ စိုးရိမ်နေတဲ့ တူချယ်၊ ကီပါ၊ ကွီတာတို့နဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ
နာပိုလီအသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ဂိုးသမားဖြစ်သူ ကီပါ ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ချဲလ်ဆီးအသင်းကတော့ စပိန်သားကို တရာသီအငှားနဲ့ လက်လွှတ်သွားချင်နေပေမဲ့လည်း ကီပါရဲ့ လုပ်ခလစာက နာပိုလီအသင်းအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒီနွေမှာ တိုက်စစ်ကစားသမား တီမို ဗာနာကို ရောင်းထုတ် သွားလိုနေတယ်လို့ သိရပါတယ်။ ဂျာမန်သားဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာရုန်းကန်နေခဲ့ရသူဖြစ်ပြီး နည်းပြ သောမတ်စ် တူချယ်လ်ကလည်း ခြေစွမ်းပိုင်းကို ကျေနပ်ခြင်း မရှိတော့တာကြောင့် အရောင်းစာရင်းထဲ ထည့်သွင်းလိုက်တာပါ။ ဗာနာကို ဂျူဗင်တပ်အသင်းက စိတ်ဝင်စားနေပါတယ်။

နည်းပြ သောမတ်စ် တူချယ်လ်ကတော့ ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေ စီစဉ်ထားသလို မပြီးမြောက်မှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ပိတ်ဖို့ သီတင်းပတ် ၅ ပတ်သာ လိုတော့ချိန်မှာ တူချယ်လ်က ကစားသမားသစ် ၄ ဦးလောက် ထပ်မံခေါ်ယူချင်နေသေးလို မလိုအပ်တော့တဲ့ ကစားသမားတွေကိုလည်း ရှင်းထုတ်ချင်နေပါတယ်။
အသင်းပိုင်ရှင်လည်းဖြစ်၊ အားကစားဒါရိုက်တာအဖြစ်လည်း ယာယီဆောင်ရွက်နေသူလည်းဖြစ်တဲ့ တော့ဒ် ဘိုးလေဟာ နည်းပြ သောမတ်စ် တူချယ်လ်အတွက် ခံစစ်ကစားသမားတွေ ခေါ်ယူပေးနိုင်ဖို့ အလေးအနက်ထား ကြိုးပမ်းနေပါတယ်။
အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီ ကွီတာဟာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့နိုင်ဖို့ရာ စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ စပိန်သားကြီးရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဘာစီလိုနာအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ကြား ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး သဘောတူညီမှု ရသွားနိုင်ခြေလည်း ရှိနေပါတယ်။
ဂျူးလပ်စ် ကွန်ဒေကို လွဲချော်ခဲ့ပြီးနောက်မှာ ချဲလ်ဆီးအသင်းအနေနဲ့ အခြားပစ်မှတ်တွေဘက်ကို ခြေဦးလှည့်လာခဲ့ပြီဖြစ်ပြီး ပစ်မှတ်စာရင်းထဲမှာတော့ ဗီလာရီးရဲလ်အသင်းရဲ့ ပါအူ တောရက်စ်၊ အင်တာမီလန်အသင်းရဲ့ မီလန် စကရင်နီယာ၊ လိုက်ပ်ဇစ်အသင်းရဲ့ ယော့စ်ကို ဂါဗီယောနဲ့ ဘာယန်မြူးနစ်အသင်းရဲ့ ဒါယော့ အူပါမီကာနိုတို့ ပါဝင်နေကြောင်း သိရပါတယ်။
တောင်ပံ တိုက်စစ်ကစားသမား ဟာကင်မ် ဇီယက်ချ်အတွက် ချဲလ်ဆီးအသင်းနဲ့ အေစီမီလန်အသင်းတို့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။