ပရိသတ်တွေ အရှက်ကွဲခဲ့တာတောင် ဆိုးရှားကို ရာထူး မထုတ်လို့ အံ့သြသင့်ခံနေရတဲ့ မန်ယူ

အိုးထရက်ဖို့ဒ်မှာ ဆိုးရှားရဲ့ အနာဂတ်က အန္တရာယ်ကြီးမားလာပေမယ့် လီဗာပူးကို အရှက်ရဖွယ် ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့နောက် ဘယ်ကြောင့်များ သူ့ကို မထုတ်ပယ်ခဲ့တာလဲကို ပေါလ်မာဆန်က မေးခွန်းထုတ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က လီဗာပူးကို အိမ်ကွင်းမှာ အရှက်ရဖွယ် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဟာ မန်ချက်စတာ ယူနိုက်တက်မှာ ဆိုးရှားရဲ့ ရာထူးအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာစေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ကိုယ်တိုင်က မန်နေဂျာရာထူး နေရာမှာ ဆိုးရှားက ရေရှည် သင့်တော်ပါ့မလားဆိုတဲ့ တင်းမာတဲ့ မေးခွန်းထုတ်မှုတွေ ခံရစေခဲ့တာပါ။

အများကတော့ အဆိုပါ ရလဒ်ဆိုးဟာ အိုးထရက်ဖို့ဒ် မန်နေဂျာဘဝ ဆိုးရှားရဲ့ ၃ နှစ် သက်တမ်းကို အဆုံးသတ်သွားစေဖို့ မျှော်လင့်ခဲ့ပေမယ့် အခုချိန်မှာ ဆိုးရှားက ဆက်ရှိနေတုန်းဖြစ်တယ်။ ပေါလ်မာဆန်ကတော့ လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့နောက် ဆိုးရှားအနေနဲ့ ယူနိုက်တက်မှာ ဘာလို့ ဆက်ရှိနေတယ်ဆိုတာကို သူတကယ်ကို နားမလည်ကြောင်း ဝန်ခံခဲ့ပါတယ်။

ပေါလ်မာဆန်က ပြောရာမှာ ” ဒီလိုရလဒ်မျိုး ကျွန်တော် အရင်က တခါမှ မမြင်ဖူးခဲ့ဘူး။ ဒီရလဒ်ကို ဘာနဲ့မှ ယှဉ်လို့ မရပါဘူး။ ကျွန်တော် တော်တော်ရှက်မိတယ်။ ပွဲက လုံးဝ ကြည့်လို့ မကောင်းခဲ့ဘူး။

ကမ္ဘာ့အကြီးမားဆုံးပွဲ၊ ယူနိုက်တက်ရာသီရဲ့ အကြီးမားဆုံးပွဲဖြစ်တဲ့ ယူနိုက်တက် VS လီဗာပူးပွဲမှာ သူတို့တွေက အပြတ်အသတ် ရှုံးနိမ့်ခဲ့တာပါ။ ကျွန်တော်ကတော့ ဘယ် မန်နေဂျာကိုမှ ရာထူးကနေ ထုတ်ပယ်တာ မမြင်ချင်ပါဘူး။ ဒါပေမယ့် ဆိုးရှားက ယူနိုက်တက်မှာ ဆက်ရှိနေတာ အတော်လေး ကံကောင်းပါတယ်။ မန်နေဂျာတစ်ယောက် အနေနဲ့ဆိုရင် သူက ကံအကောင်းဆုံးလို့တောင် ပြောနိုင်ပါတယ်။

သူများတွေ ဘာပြောနေတယ်ဆိုတာကို ကျွန်တော် ဂရုမစိုက်ဘူး။ ဒါပေမယ့် ဥရောပက တခြားကလပ်တစ်သင်းသင်းက မန်နေဂျာတစ်ယောက်က သူတို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ကို အိမ်ကွင်းမှာ ၅ ဂိုးပြတ် ရှုံးရင် ထုတ်ပယ်ခံရမှာ သေချာပါတယ်။ ချယ်ဆီး ဒါမှမဟုတ် အာဆင်နယ်က အိမ်ကွင်းမှာ စပါးကို ၅ ဂိုးပြတ် ရှုံးရင် သူတို့နည်းပြ တနင်္လာမနက်မှာ ကလပ်မှာ ဆက်ရှိနေဖို့အတွက် ကောင်းကောင်း လုပ်ရလိမ့်မယ်။

ယူနိုက်တက်က ပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲထဲ အနိုင်ရခဲ့တာက လက်ခံနိုင်စရာ မဟုတ်ဘူး။ ဒါတောင် နည်းပြက ရာထူးမှာ ဆက်ရှိနေတုန်းပဲဆိုတော့ ယူနိုက်တက်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို ကျွန်တော်တော့ နားမလည်နိုင်တော့ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။