ဒီစနေ မန်စီးတီး – လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် အတွက် သိကောင်းစရာများ

အင်္ဂလန်က ချန်ပီယံတွေချင်း ထိပ်တိုက်တွေ့တဲ့ ကွန်မြူနတီဒိုင်း ၂၀၂၂ ပွဲစဉ်ကတော့ ဒီတပတ် စနေနေ့မှာ ယှဉ်ပြိုင်ရတော့မှာပါ။ ဒီပွဲစဉ်ဟာ အင်္ဂလိပ်ကလပ် အသင်းတွေ အတွက် ဘောလုံးရာသီ တရားဝင် မစတင်ခင် ဆုဖလား တစ်ခု အရင် ရယူနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။

ဒီဖလား လုပွဲဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ ယှဉ်ပြိုင် ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ် ပွဲကတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ အက်ဖ်အေဖလား ချန်ပီယံ လီဗာပူးတို့ ယှဉ်ပြိုင် ကစားရမှာပါ။

ပြီးခဲ့တဲ့နှစ် ကွန်မြူနတီဒိုင်းမှာတော့ လက်စတာနဲ့ မန်ချက်စတာ စီးတီးတို့ တွေ့ခဲ့ပြီး ဝင်ဘာလေ ကွင်းကြီးမှာ လက်စတာက ၁-ဝ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနှစ်မှာတော့ မန်စီးတီး က ပြည်တွင်းမှာ ပခုံးချင်း အယှဉ်နိုင်ဆုံး ဖြစ်နေတဲ့ ပြိုင်ဘက် လီဗာပူးနဲ့ တွေ့ဆုံနေပါတယ်။

ကစားကြမယ့် ပွဲချိန်

ကွန်မြူနတီ ဒိုင်း ပွဲစဉ်က လာမယ့် ဇူလိုင်လ ၃ဝ ရက်၊ စနေနေ့၊ မြန်မာ အချိန် ည ၁ဝ နာရီခွဲမှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဒီပွဲ အတွက် လက်မှတ်တွေကတော့ အကုန် ရောင်းကုန်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ယှဉ်ပြိုင်မယ့် ကွင်း နေရာ

ကွန်မြူနတီ ဒိုင်း ပွဲစဉ်တွေက ဝင်ဘာလေကွင်းကြီးမှာပဲ အမြဲ ယှဉ်ပြိုင်ရလေ့ ရှိပေမယ့် ဒီနှစ် အမျိုးသမီး ယူရိုပြိုင်ပွဲ ရှိနေတာကြောင့် အခြား ကြားကွင်း အနေနဲ့ လက်စတာရဲ့ ကင်းပါဝါကွင်းမှာ ယှဉ်ပြိုင်ဖို့ ပြောင်းလဲ ရွေးချယ်ထားပါတယ်။

ဒဏ်ရာရ

လီဗာပူးအသင်းဘက်မှာ ဒဏ်ရာတွေ ရှိနေကြတဲ့ ဂိုးသမား အယ်လစ်ဆန်နဲ့ ကလယ်ဟာ အပြင် ဂျိုတာ၊ ချိန်ဘာလိန်၊ ဆီမီးကပ်၊ ကယ်ဗင်ရမ်ဆေး တို့ ဒီပွဲ ပါဝင် ကစားနိုင်ကြမှာ မဟုတ်ပါဘူး။ မန်စီးတီးဘက်ကတော့ ကန်ဆယ်လိုနဲ့ စတုန်းသာ လွဲချော်ဖွယ် ရှိနေတာပါ။