ဒီနွေ နာမည်ကြီး ကျန်ရစ် ချဲလ်ဆီးအသင်းရဲ့ ဇာတ်လိုက်သစ်ကတော့ ကူကူရယ်လာ ဖြစ်ပါတယ်
ဒီနွေမှာ ကိုယ်က ချိန်လိုက် ပါသွားလိုက် များစွာ ဖြစ်နေတဲ့ ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်သစ် ကတော့ ဘရိုက်တန် ကစားသမား ကူကူရယ်လာ ဖြစ်ပါတယ်။ ကူကူရယ်လာ ကို မန်စီးတီးက ပစ်မှတ်ထားနေပြီး ကနဦး ပေါင် သန်း ၃ဝ နဲ့ ကမ်းလှမ်းကာ သွေးတိုး စမ်းထားခဲ့တာပါ။
ဒါပေမယ့် ဒီပြေးလမ်းမှာ ချဲလ်ဆီးက ဝင်ရောက်လာပြီး ဘရိုက်တန် တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅ဝ ပေးကာ ကူကူရယ်လာကို ရဖို့ နီးစပ်လာကြောင်း သတင်းထွက်လာပါတယ်။
ချဲလ်ဆီးဟာ ဒီနွေမှာ ရာဖင်ဟာနဲ့ ကွန်ဒီ တို့ကိုလည်း သဘောတူညီမှု ရပြီ အခါခါ သတင်းထွက်ပြီးမှ ချန်ရစ် ခံခဲ့ရတာ ဖြစ်ကာ ကူကူရယ်လာ ခေါ်ယူရေးမှာလည်း မန်စီးတီးကို တကယ် အလဲထိုးနိုင်ပါ့မလား စိုးရိမ်ဖွယ် ဖြစ်နေပါတယ်။ ကစားသမားကလည်း စီးတီး ကမ်းလှမ်းမှု ခံရတည်းက ဘရိုက်တန် အသင်းကို မန်ချက်စတာသို့ သွားခွင့် ပေးဖို့ တောင်းဆိုထားပါတယ်။

ဒေးလီးမေးလ် ရဲ့ ယမန်နေ့သတင်းဖော်ပြချက်မှာ မန်စီးတီးက စပိန်သားဘယ်နောက်ခံလူအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၄၀ ထက် ပိုသုံးဖို့ ဆန္ဒမရှိဖြစ်နေချိန်မှာ ချဲလ်ဆီးက ဘရိုက်တန်နဲ့ ကူကူရယ်လာ အပြောင်းအရွှေ့ ဆွေးနွေးမှုဆီ ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ချဲလ်ဆီးရဲ့ လူငယ်နောက်ခံလူ ကိုဝဲလ်ကိုပါ အလိုက်ပေးကမ်းလှမ်းမှုတွေ ရှိလာခဲ့ပြီးနောက် မှာတော့ ဆွေးနွေးမှုတွေက လျင်လျင်မြန်မြန်ဖြစ်လာခဲ့ပြီး အခုအချိန်မှာတော့ ကူကူရယ်လာက စတမ်းဖို့ဘရစ်ချ်ဆီ ပြောင်းရွှေ့တော့မယ်လို့ မျှော်လင့်လို့ရလာပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်က ကူကူရယ်လာကို ဘယ်အစွန်ခံစစ်(သို့မဟုတ်) သုံးယောက်တန်းခံစစ် ဘယ်ဗဟို နောက်ခံလူအဖြစ် အသုံးပြုသွားဖွယ် ရှိပါတယ်။
ချဲလ်ဆီး အသင်းထံ ကူကူရယ်လာရောက်ရှိလာမယ်ဆိုရင်တော့ မားကို့စ်အလွန်ဆိုရဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့ရေး နီးစပ်လာဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဟတ်ဒါဖီးလ်ဆီ အငှားပြောင်းရွှေ့ခဲ့တဲ့ ကိုဝဲလ်ကို အနီးကပ် စောင့်ကြည့်ခဲ့တဲ့ ဘရိုက်တန်ကလည်း အသက်-၁၉ နှစ်အရွယ် ဗဟိုနောက်ခံလူခြေစွမ်းအပေါ် ကြိုက်နှစ်သက်မှု ရှိနေပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဂီတာဖေးမှ ဘရိုက်တန်ဆီ ပြောင်းရွှေ့ကြေးပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ကူကူရယ်လာက သူ့ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်ရာသီမှာပဲ စွမ်းဆောင်ရည်ကောင်းတွေပြသပြီးနောက်မှာ အခုအပြောင်းအရွှေ့ကာလအတွင်း မန်စီးတီး၊ ချဲလ်ဆီးတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိလာတာဖြစ်ပါတယ်။