တန်ဟက် ချီးကျူးတဲ့ ခံစစ် အတွဲ၊ ထွက်ဖို့ နီးစပ်နေသူ ၂ဦး၊ ဒိုလေး၊ အဲရစ်ဆန်တို့နဲ့ ယနေ့ညပိုင်း မန်ယူ သတင်းများ
ရော်နယ်ဒိုတစ်ယောက် မန်ယူအသင်းနဲ့ ပြန်လည် ပူးပေါင်းနေပြီ ဖြစ်ပေမယ့် အေးဂျင့် မန်ဒက်စ်ကတော့ ကစားသမားရဲ့ ဆန္ဒအတိုင်း အသင်းသစ် တစ်သင်း လိုက်လံရှာဖွေနေဆဲ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲမှာ ၁-၁ နဲ့ သရေကျခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ခံစစ်မှာ ပထမဆုံးအကြိမ် ပူးတွဲကစားခဲ့ကြတဲ့ ဗဟို ခံစစ်မှူး ရာဖေးလ် ဗာရန်း နဲ့ လီဆန်ဒရို မာတီနက်ဇ် တို့ရဲ့ ခံစစ် အတွဲကို ချီးကျူး စကားဆိုခဲ့ပါတယ်။

ယခုအပြောင်းအရွှေ့အတွင်း မန်ယူအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကတော့ ၎င်း စပါးအသင်းမှာ ကစားခဲ့စဉ်တုန်းကတည်းက မန်ယူ နည်းပြဟောင်း ၃ ယောက်ဆက်တိုက်ရဲ့ ခေါ်ယူဖို့ ကြိုးစားခြင်းကို ခံခဲ့ရဖူးကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ယခုနွေရာသီ အပြောင်းအရွှေ့အတွင်း အသင်းရဲ့ နောက်ခံလူ ၆ ယောက်အထိ ထပ်မံရှင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ထိုထဲမှ တဲလက်စ် က ဆီဗီလာ နဲ့ နီးစပ်နေသလို ဘိုင်လီကလည်း မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်နဲ့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
ဗယ်လက်ကာနိုနဲ့ ပွဲ မပြီးခင် ထပြန်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ လုပ်ရပ်ကို မန်ယူအသင်းတာဝန်ရှိသူတွေက မည်သည့် အရေးယူမှုမှ ပြုလုပ်သွားမှာ မဟုတ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။