အကောင်းဆုံး လီဗာပူး တိုက်စစ် အတွဲ၊ ကမ်းလှမ်းမှုတွေ လက်ခံမယ့် နက်ဖီးလစ်၊ ဂျိုတာ စာချုပ်သစ်နဲ့ နောက်ဆုံးရ လီဗာပူး သတင်းတိုများ

ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ ရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်ကစားသမား ဒီယေဂို ဂျိုတာဟာ လာမဲ့နှစ်ပတ်အတွင်းမှာ လီဗာပူးလ်အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပေါ်တူဂီသားဟာ အဆိုပါဒဏ်ရာကို ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျိုတာဟာ လီဗာပူးအသင်းနဲ့ အတူ ၂၀၂၇ ထိ ဆက်ရှိနေစေမယ့် ကာလရှည်သက်တမ်းရှိ စာချုပ်သစ်တရပ် ချုပ်ဆို လက်မှတ်ထိုးသွားခဲ့ပြီ ဖြစ်ပါတယ်။ စာချုပ်သစ်အရ ဂျိုတာက လုပ်ခလစာတွေ တိုးမြှင့် ရရှိလာမှာပါ။

ဆာလာ – နူးညက်ဇ်နဲ့ ဒီယက်ဇ် တို့ လီဗာပူး တိုက်စစ်အတွဲဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်အတွဲ ဖြစ်လာဖွယ်ရှိတယ်လို့ နောက်ခံလူဟောင်း ဂလင်း ဂျွန်ဆင်က သုံးသပ်သွားခဲ့ပါတယ်။

လီဗာပူး အသင်းတွင်းမှာ လက်ရှိအချိန်မှာတော့ အကောင်းမြင်မှုတွေ မြင့်တက်နေပြီဖြစ်ပြီး နည်းပြကြီး ယော်ဂန် ကလော့ပ်ဟာလည်း ဒီနှစ်ရာသီမှာ အဓိကဆုဖလားနှစ်လုံးထဲက အနည်းဆုံးတစ်လုံးကို ရယူသွားချင်နေတယ်လို့ The Athletic သတင်း အဆိုအရ သိရပါတယ်။

ဖာဘီယို ကာဗယ်ဟို၊ ဟာဗေးလ် အယ်လီယော့နဲ့ ကာတစ် ဂျုံးစ်တို့လို လူငယ်တွေကို ဒီနှစ်ရာသီမှာ အခွင့်အရေးများစွာ ပေးသွားဖို့ နည်းပြကြီး ယော်ဂန် ကလော့ပ်က စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

မန်စီးတီး ကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး ကွန်မြူနတီဒိုင်းကို အရယူနိုင်ခဲ့တာနဲ့ပတ်သက်လို့ ဘယ်‌နောက်ခံကစားသမား အန်ဒီ ရော်ဘတ်ဆင်က “ဒါဟာ ဒီနှစ်ရာသီရဲ့ ပထမဆုံးပွဲစဉ် ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေ အောင်မြင်မှု ရခဲ့တယ်။ ထိပ်တန်းအဆင့်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့ပွဲဖြစ်ပြီး တကယ်ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုင်ပွဲ ရယူနိုင်ခဲ့တာကတော့ ကျေနပ်စရာပါ။” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှူး ဖာမင်နိုက အသင်း ပရိသတ်တွေနဲဥ ပတ်သတ်ပြီး “ကျွန်တော့်အနေနဲ့ ပရိသတ်တွေရှေ့မှာ ကစားနိုင်ဖို့ရာ မစောင့်နိုင်တော့ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ကို နေ့စဉ်နေ့တိုင်း အားပေးနေကြသူတွေပါ။ ဒီပရိသတ်တွေကို ကျွန်တော် ချစ်ပါတယ်။ ပရိသတ်တွေဟာ ကျွန်တော်တို့အတွက်တော့ နောက်ထပ် အပို ကစားသမား တဦးပါပဲ။” လို့ ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီတပတ်ထဲမှာ ဗဟိုနောက်ခံကစားသမား နက် ဖီးလစ်နဲ့ပတ်သက်လို့ ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် အင်္ဂလန်သားကို တန်းတက်ကလပ်အသင်းတွေဖြစ်ကြတဲ့ ဖူလ်ဟမ်နဲ့ ဘုန်းမောက်အသင်းတို့က ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။