ခုထိ အသင်းသစ် မရသေးတဲ့ လက်ရှိ အသင်းလက်မဲ့ နာမည်ကြီး ကြယ်ပွင့် ကစားသမားများ

လက်ရှိ နွေမှာ နာမည်ကြီး ကြယ်ပွင့်တွေ ဖြစ်တဲ့ ဂါရတ်ဘေးလ်၊ လူးဝစ် ဆွာရက်စ်၊ ဖာဘရီဂတ်စ် စတဲ့ အရွယ် ရ ကစားသမားတွေက အသင်းသစ်တွေ အသီးသီး ပြောင်းရွှေ့သွားကြပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အခုထိ အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ နာမည်ကြီး ကစားသမားတွေလည်း ရှိနေသေးပြီ ထို ကြယ်ပွင့်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အန်ဒရီယာဘယ်လော့တီ

တိုရီနို တိုက်စစ်မှုးဟောင်း ဘယ်လော့တီဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်းက တိုးတက်ဖို့ အလားအလာ အကောင်းဆုံး လူငယ်တိုက်စစ်မှုးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံ ခဲ့ရပါတယ်။ ၂၀၁၆-၁၇ ရာသီမှာ သူဟာ စီးရီးအေပွဲပေါင်း ၃၅ ပွဲအတွင်း သွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူ ခြေစွမ်းပြခဲ့သူပါ။

ဒါပေမဲ့လည်း နောက်ပိုင်းကာလ ဒဏ်ရာပြဿာနာ အများအပြားနဲ့ ရုန်းကန်နေရတဲ့ သူဟာ မနှစ်ကရာသီမှာ တိုရီနိုအတွက် ၂၂ ပွဲသာ ပါဝင်ကစား နိုင်ခဲ့ပြီး သွင်းဂိုး ၈ ဂိုးနဲ့ ဖန်တီးမှု ၁ ကြိမ်သာ စွမ်းဆောင်နိုင် ခဲ့ပါတယ်။ လက်ရှိမှာ ဘယ်လော့တီဟာ တိုရီနိုရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ထားပြီး အသင်းလက်မဲ့ ဖြစ်နေပါတယ်။

ဒရိုင်းမာတင်

ဒရိုင်းမာတင်ဟာ နာပိုလီအသင်းရဲ့ သမိုင်းမှာ စီးရီးအေသွင်းဂိုး အများဆုံး ကစားသမားပါ။ သူဟာ လက်ရှိအသက် ၃၅ နှစ်ရှိပြီဖြစ်ပေမဲ့လည်း သူ့ရဲ့ ပုံစံကောင်းတစ်ခုကို ပြသထားနိုင် ပါသေးတယ်။ ပြီးခဲ့တဲ့ ရာသီမှာလည်း မာတင်ဟာ နာပိုလီအတွက် ၃၇ ပွဲ ပါဝင်ကစားပြီး သွင်းဂိုး ၁၃ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ် စွမ်းဆောင်ပေး ထားပါတယ်။

နာပိုလီအတွက် စီးရီးအေသွင်းဂိုး ၁၁၃ ဂိုး သွင်းယူပေးထားတဲ့ မာတင်ကို အသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းထားပေမဲ့ ဘယ်ဂျီယံ ကစားသမားက ငြင်းပယ်ထားဆဲပါ။ သူဟာ လက်ရှိမှာ အသင်းလက်မဲ့ ကစားသမား ဖြစ်နေပေမဲ့ မကြာခင်မှာပဲ အသင်းတစ်သင်းသင်းက ချိတ်ဆက်ခေါ်ယူ လာနိုင်ဖွယ် ရှိပါတယ်။

အက်ဒီဆင် ကာဗာနီ

ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်ကို ၂၀၂၀ နွေရာသီတုန်းက အလွတ်အပြောင်းအရွှေ့နဲ့ ရောက်ရှိလာတာပါ။ ယင်းရာသီမှာပဲ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြပြီး အနိုင်ဂိုး များစွာလည်း သွင်းယူပေး နိုင်ခဲ့ပါတယ်။ ဥရုဂွေး တိုက်စစ်မှုးဟာ လူစားဝင် ပွဲစဉ် အပါအဝင် စုစုပေါင်း ၃၉ ပွဲမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်အထိ စွမ်းဆောင်ပြ ခဲ့တာပါ။

ဒါပေမဲ့လည်း မနှစ်ကရာသီမှာ ရော်နယ်ဒို ရောက်ရှိလာမှုနဲ့အတူ ကာဗာနီဟာ ပေါ်တူဂီသားနောက် ဒုတိ‌ယ ဦးစားပေး အဖြစ်သာ ပွဲထွက်ခဲ့ရပါတယ်။ ဒါ့အပြင် ဒဏ်ရာပြဿာနာတွေကြောင့် သူဟာ ပြီးခဲ့တဲ့ ရာသီမှာ အမှတ်ပေး ၇ ပွဲသာ ကစားနိုင် ခဲ့တာပါ။ လက်ရှိ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးနေပြီဖြစ်တဲ့ ကာဗာနီကိုတော့ ဒေါ့မန်အသင်းက စိတ်ဝင်စားလျက် ရှိနေပါတယ်။

အစ္စကို

အသက် ၃၀ အရွယ် စပိန်ကွင်းလယ်လူ အစ္စကိုက မာလာဂါကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြ ကစားနိုင် ခဲ့သူပါ။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာ များစွာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အစ္စကိုဟာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရာသီ ၂ ခုပေါင်းမှာ မက်ဒရစ်အတွက် ၁၁ ပွဲသာ ပါဝင်ကစားခွင့် ရခဲ့တာပါ။ ဒါကြောင့် အစ္စကိုက ယခု နွေဈေးကွက် အတွင်းမှာပဲ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း မတိုးတော့ပဲ အသင်းကနေ ထွက်ခွာကာ ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ နာမည်ကြီးအသင်း အများစုက အစ္စကိုကို ခေါ်ယူဖို့ ကြိုးပမ်းလာကြပါတယ်။