အူဘာမီးယန်း ပစ်မှတ်ထားခြင်း၊ ကူကူရယ်လာ ရပြီး ကိုးဝဲလ် ရောင်းချ၊ ဝေါ်ကာပီတစ်၊ ဘာရယ်လာနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးနည်းပြ သောမတ်စ် တူချယ်က အင်တာမီလန် ကွင်းလယ် ကစားသမား နီကိုလို ဘာရယ်လာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အင်တာနဲ့ ပြောဆို ဆွေးနွေးဖွယ် ရှိကြောင်း အီတလီ သတင်းတွေက ဆိုပါတယ်။ အီတလီ ကွင်းလယ်သမားကို လီဗာပူးနဲ့ စပါးတို့ကလည်း စိတ်ဝင်စားဟန် ပြသထားပါတယ်။
ခံစစ်မှုး ကူကူရယ်လာကို ချဲလ်ဆီး အသင်းထံ ရောင်းချဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း ဘရိုက်တန် အသင်းဘက်က တရားဝင် ကြေညာချက် ထုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးက ပေါင် ၅၂.၅ သန်း ဖြစ်တယ်လို့ စကိုင်းစပေါ့ သတင်းက ဆိုပါတယ်။

ချဲလ်ဆီးဘက်ကလည်း လူငယ်ဗဟိုခံစစ်မှုး လယ်ဗီ ကိုးဝဲလ်ကို ဘရိုက်တန် အသင်းထံ ရောင်းချဖို့ သဘောတူလိုက်ပြီး ပြန် ဝယ်ယူခွင့် ထည့်သွင်းဖို့ စာချုပ် အချက်အလက်များ အပြီးသတ် ဆွေးနွေးနေပါတယ်။
အာဆင်နယ် တိုက်စစ်မှုး ဟောင်း ဖြစ်ပြီး လက်ရှိ ဘာစီလိုနာမှာ ကစားနေတဲ့ တိုက်စစ်မှုး အူဘာမီးယန်းကို ချဲလ်ဆီး က အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာကြောင်း အပြောင်းအရွှေ့ ဂုရုသတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဆောက်သမ်တန် ခံစစ်မှုး ကိုင်လီ ဝေါ်ကာ ပီတာစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂါးဒီးယန်း သတင်း က ဆိုပါတယ်။ ဝေါ်ကာပီတာစ်ကို ပေါင် ၃၅ သန်း – သန်း ၄ဝ လောက်နဲ့ ကမ်းလှမ်းရင် ရနိုင်ဖွယ် ရှိပါတယ်။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂါးလက်စ်က ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေးအနေနဲ့ ဆီဗီလာမှ နောက်ခံလူ ကွန်ဒေကို ရအောင်မခေါ်ခဲ့တာ ဒီနွေရာသီမှာ သူ့ရဲ့ ပထမဆုံးအမှားဖြစ်ကြောင်း၊ ကွန်ဒေဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကောင်းတွေကို ပြသခဲ့ပြီး ချဲလ်ဆီးအနေနဲ့ ဒီလိုကစားသမားမျိုးကို လက်လွှတ်မခံခဲ့သင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။