မန်ယူ ရှုံးပွဲ အပေါ် နည်းပြ တန်ဟက် အပြစ်တင်မှု၊ အနာတိုဗစ် အတွက် ကမ်းလှမ်းမှုနဲ့ နောက်ဆုံးရ မန်ယူ သတင်းများ

ပြီးခဲ့တဲ့ရာသီ ဘရိုက်တန် အသင်းကို ၄ ဂိုးပြတ် နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယခုတစ်ခေါက် ရာသီအဖွင့်ပွဲစဉ်မှာလည်း အိမ်ကွင်းမှာတင် ၁-၂ နဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ရပါတယ်။

နည်းပြသစ် တန်ဟတ်ဂ်ရဲ့ ဦးဆောင်မှုနဲ့အတူ ဘရိုက်တန်ကို ဂိုးပြတ်ချေမှုန်းဖို့ ပွဲမစခင်တုန်းက အသင်းပရိသတ်တွေ မျှော်လင့်ခဲ့ကြပေမယ့် တကယ့်တကယ်မှာတော့ ဘရိုက်တန်ကသာ ပိုမို ကောင်းမွန်ကျစ်လစ်တဲ့ ခြေစွမ်းတွေနဲ့အတူ ယခုရလဒ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်း နည်းပြ တန်ဟတ်ဂ်ကလည်း ရှုံးပွဲအပြီး အသင်းကစားသမားတွေရဲ့ နိုင်ပွဲဆာလောင်မှုအပေါ် ပြစ်တင် ဝေဖန်သွားခဲ့ပြီး ဒုတိယပိုင်းမှ လူစားဝင်ကစားခွင့်ရခဲ့တဲ့ ရော်နယ်ဒိုကိုတော့ ထောက်ခံပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကလည်း ယခုရှုံးပွဲအပေါ် သင်ခန်းစာရယုူပြီး အားလုံး စည်းစည်းလုံးလုံးနဲ့ ရှေ့လာမယ့် ပွဲစဉ်တွေအတွက် အသင့်ပြင်ဆင်ထားသင့်ကြောင်း တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

တိုက်စစ်ကို အားဖြည့်ဖို့ လိုအပ် နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘိုလော့ညာ မှာ ကစားနေတဲ့ ဝက်စ်ဟမ်း တိုက်စစ်မှူးဟောင်း မာကို အနော်တိုဗစ် ကို ခေါ်ယူဖို့ ကြိုးစားလာခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

မန်ယူအသင်း ဟာ အနော်တိုဗစ် အတွက် ကမ်းလှမ်းမှုပင် ပြုလုပ် ထားခဲ့ပြီး ဘိုလော့ညာ က ပယ်ချ ထားကာ ပိုကောင်းတဲ့ ကမ်းလှမ်းမှု ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ် အရွယ် ကစားသမားကလည်း မန်ယူရဲ့ ကမ်းလှမ်းမှု ရခဲ့ပြီးနောက် အသင်း ပြောင်းလာလိုနေပြီး လိုအပ်ရင် ပြောင်းရွှေ့ခွင့်ပါ တင်ပြီး တောင်းဆိုသွားဖွယ် ရှိနေပါတယ်။

ဘရိုက်တန် အသင်းနဲ့ မကစားခင် အချိန်အတွင်းမှာတင် မန်ယူအသင်း ပရိသတ်အတော်များများဟာ အသင်းပိုင်ရှင် ဂလေဇာ မိသားစုကို အသင်းမှ ထွက်ခွါပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။