မက်ဆီရဲ့ ဘိုင်စကယ် ကစ် ဂိုးသွင်းချက်ကို အထင်မကြီးကြောင်း ပေါ်တင်ပြသခဲ့တဲ့ ဒိုလေးရဲ့ အစ်မ

မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့အစ်မဖြစ်သူကတော့ စီရော်နယ်ဒိုရဲ့ Bicycle ကန်ချက်နဲ့ နှိုင်းယှဉ်ပြီး ကလီမွန့်နဲ့ပွဲက မက်ဆီသွင်းယူသွားခဲ့တဲ့ နောက်ပြန်ကန်ချက်ကို လှောင်ပြောင်ထားတဲ့ Post ကို Like ပြုလုပ်ကာ Comment ပါ ရေးသားခဲ့ပါတယ်။

အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှုး မက်ဆီအနေနဲ့ ပီအက်စ်ဂျီက ကလီမွန့်ကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တောက်ပတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပြီးအသင်းအတွက် ဂိုး (၂) ဂိုး သွင်းယူပေးခဲ့ပါတယ်။ Ballon d’Or ဆု (၇) ကြိမ်ရ ကစားသမားဟာ အစောပိုင်းတုန်းက နေမာရဲ့ဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တဲ့ကာ တစ်ပွဲလုံး ဂိုး ကံခေနေခဲ့တာပါ။

ဒါပေမဲ့ ပွဲပြီးခါနီးမှာ နေမာရဲ့ ဖန်တီးမှုကနေ မက်ဆီက ဂိုးပေါက်ရှာတွေ့ခဲ့ပြီး အဲဒီနောက် ပါရီဒက်စ်ရဲ့ ဖန်တီးပေးမှု ကနေ သွင်းယူသွားခဲ့တဲ့ဂိုးကတော့ တကယ့်ကို လက်ဖျားခါချင်စရာ ဖြစ်ခဲ့ရပါတယ်။ ပါရီဒက်စ်ဟာ အလိုက်သင့် မတင်ပေးလိုက်တာ မက်ဆီက တစ်ချက်ထိန်းကာ Bicycle ကန်ချက်နဲ့ ဂိုးသမား ငုတ်တုတ်မေ့လောက်အောင် လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မက်ဆီရဲ့ ဒီဂိုးကို တစ်ကွင်းလုံးမှာရှိတဲ့ ပြိုင်ဘက်ပရိသတ်တွေကပါ လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မက်ဆီရဲ့အဲဒီသွင်းဂိုးအတွက် ဘောလုံးပရိသတ်တွေအားလုံးက ချီးကျူးခဲ့တာ မဟုတ်ဘဲ စီရော်နယ်ဒိုရဲ့ ပရိသတ်တစ်ချို့က ဂျူဗင်တပ်နဲ့ချန်ပီယံလိဂ်ပွဲတုန်းက စီရော်နယ်ဒိုသွင်းခဲ့တဲ့ Bicycle ကန်ချက်နဲ့ နှိုင်းယှဉ်ကာ လှောင်ပြောင်ခဲ့ကြပါတယ်။

Instagram မှာ cr7.o_legendary လို့ အမည်ရတဲ့ စီရော်နယ်ဒိုရဲ့ Fan Page တစ်ခု စီရော်နယ်ဒိုရဲ့ Bicycle သွင်းဂိုးနဲ့ မက်ဆီရဲ့ Bicycle သွင်းဂိုးတို့ကို နှိုင်းယှဉ်ဖော်ပြထားပြီး “တစ်ခုက သေနတ်၊ နောက်တစ်ခုက Bicycle” “တစ်ဂိုးက ကလီမွန့်နဲ့တွေ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ သွင်းတာ။ နောက်တစ်ဂိုးက ဂျူဗင်တပ်နဲ့ ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်မှာ သွင်းတာ”လို့ ရေးသားခဲ့ပါတယ်။

အဆိုပါ Post ကို စီရော်နယ်ဒိုရဲ့အစ်မဖြစ်သူ Katia Aveiro က Like ပြုလုပ်ခဲ့တဲ့အပြင် လက်ခုပ်တီးတဲ့ Emoji တွေနဲ့ Comment ရေးသားခဲ့တာ ဖြစ်ပါတယ်။