ပရီးမီးယားလိဂ် ရှုံးပွဲကြုံပြီး နောက်ရက်မှာ ကွင်းပိတ် ခြေစမ်းကာ ဂိုးပြတ် နိုင်ပွဲ ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ဘရိုက်တန်ကို ရှုံးနိမ့်အပြီး ၂၄ နာရီအတွင်း နောက်ရက်မှာပဲ ကွင်းပိတ်ခြေစမ်းပွဲ တပွဲကစားသွားခဲ့တယ်လို့ အင်္ဂလန် သတင်းတွေက ဆိုပါတယ်။
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁ မှာ မန်ယူနိုက်တက်တို့ အိမ်ကွင်းမှာပဲ ဘရိုက်တန်ကို ရှုံးခဲ့တာဖြစ်ပြီး နည်းပြသစ် တန်ဟက် အတွက်တော့ ပထမဆုံးပရီးမီးယားလိဂ်ပွဲက ခါးသီးခဲ့ပါတယ်။

နောက်ရက် ကွင်းပိတ် ခြေစမ်းပွဲမှာ မန်ယူအသင်း နဲ့ ကစားခဲ့တဲ့ အသင်းကတော့ အသင်းငယ် Halifax Town ဖြစ်တယ်လို့ သိရပြီး ထိုပွဲမှာ မန်ယူက ၅-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ထို ခြေစမ်းပွဲမှာ စီရော်နယ်ဒိုလည်း ပွဲထွက်ကနေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပွဲမှာ ဗာရာနီနဲ့ အဲရစ်ဘိုင်လီတို့က ဗဟိုခံစစ်မှာပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ထိုနှစ်ဦးစလုံးဟာ ဘရိုက်တန်နဲ့ ပွဲမှာ စားပေးရခြင်းမရှိခဲ့သူတွေဖြစ်ပြီး သူတို့နဲ့အတူ ကွင်းလယ်လူ ဂျိမ်းစ်ဂါနာ၊ အာမက်ဒီယာလို၊ ဂါနာချို၊ အီလန်ဂါတို့လည်း ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တန်ဟက် ရဲ့ အသင်းဟာ ရာသီကြိုခြေစွမ်းပွဲအစောပိုင်းကာလတွေမှာ ခြေစွမ်းရော၊ ရလဒ်ပါကောင်းခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ အက်သလက်တီကိုမက်ဒရစ်ကို အရေးနိမ့်ပြီး ဗယ်လက်ကာနိုနဲ့ သရေကျခဲ့ပါတယ်။
အဲဒီ နောက်မှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး တန်ဟက် အတွက်တော့ မျက်နှာပျက်စရာဖြစ်ခဲ့ရပြီး ဖိအားတွေလည်း ရှိနေခဲ့ပြီဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ မာရှယ် ဒဏ်ရာရနေခဲ့ပေမယ့် စီ ရော်နယ်ဒိုကို တန်ဟက် က ပွဲထွက်ကစားသမားအဖြစ် အသုံး မပြုခဲ့ဘဲ ဒုတိယပိုင်းမှာသာ လူစားဝင်စေခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တန်ဟက် က ရော်နယ်ဒိုက ကြံ့ခိုင်မှုပြည့်ဝဖို့ လိုအပ်နေသေးပြီး ၄၅ မိနစ်လောက် ကစားခဲ့ရတာက ကစားသမားအတွက် အထောက်အကူဖြစ်မယ်လို့ ပြောဆိုခဲ့ကာ နောက်တပတ်မှာ ပိုကောင်းတဲ့ ရော်နယ်ဒိုကို မြင်တွေ့ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။