ဒီပေးနဲ့ ဂျူဗီ၊ လူသစ် မလိုဘူးဆိုတဲ့ ရီးရဲလ်ဥက္ကဋ္ဌ၊ တိုနယ်လီ၊ ဂွန်ဇာလက်ဇ်နဲ့ ဥရောပ တခွင်မှ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ
အာဆင်နယ်အသင်းဟာ အေစီမီလန်အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ တိုနယ်လီကို ခေါ်ယူဖို့ ပြောဆို ဆွေးနွေးနေကြောင်း သတင်း ထွက်ပေါ်နေပါတယ်။
ဗလင်စီယာအသင်းဟာ ဘာစီလိုနာအသင်းဆီက ကွင်းလယ်ကြယ်ပွင့်လေး နီကို ဂွန်ဇာလက်ဇ်ကို အငှားခေါ်ယူနိုင်မှုကို ဒီနေ့ မှာပဲ အပြီးသတ်သွားမယ်လို့ သိရပါတယ်။ စပိန်သားလေးကို အပြီးသတ်ခေါ်ယူခွင့် မပါဝင်တဲ့ တရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ဗလင်စီယာဟာ စပါးအသင်းရဲ့ ဘရိုင်ယန် ဟေလ်ကိုလည်း ပစ်မှတ်ထားနေပါတယ်။
ဒီနှစ်နွေ အပြောင်းအရွှေ့ကာလအတွင်း ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူသွားတော့မှာ မဟုတ်ကြောင်း ဥက္ကဋ္ဌဖြစ်သူ ဖလော်ရန်တီနို ပီရက်ဇ်က အတည်ပြုလိုက်ပါတယ်။ “ကျွန်တော်တို့ရဲ့ လူစာရင်းအရ ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေမှာ ကစားသမားသစ် ခေါ်ယူဖို့ရာ စဉ်းစားစရာ မလိုတော့ပါဘူး။” လို့ ပီရက်ဇ်က ဆိုပါတယ်။
ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား မန်းဖစ် ဒီပေးကိုတော့ ဂျူဗင်တပ်အသင်းဟာ ခပ်မြန်မြန် ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ကစားသမားဖြစ်သူနဲ့ စီးရီးအေထိပ်တန်းကလပ်တို့ကြား ဆွေးနွေးနေပြီး ဂျူဗင်တပ်ဟာ ၂ နှစ် သက်တမ်းရှိ စာချုပ်တရပ်နဲ့ ကမ်းလှမ်းမှု ပြုထားသလို ဒီပိုင်းကလည်း ဘာစီလိုနာအသင်းနဲ့ စာချုပ်ဖျက်သိမ်းကာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာနိုင်ဖို့ ကြိုးစားနေပါတယ်။

အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး အန်ဒရယ်ယာ ပီနာမွန်တီဟာ ဆက်ဆူအိုလိုအသင်းဆီကို အပြီးသတ်ပြောင်းရွှေ့ ပါတော့မယ်။ အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေဟာ အဆင်ပြေခဲ့ပြီး ယူရိုသန်း ၂၀ နဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရကာ အီတလီကြယ်ပွင့်လေးအနေနဲ့ လာမဲ့နာရီပိုင်းအတွင်းမှာ ဆေးစစ်မှုခံယူကာ အပြောင်းအရွှေ့ကို အပြီးသတ်သွားမှာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဗဟိုနောက်ခံကစားသမား ဖီကာရို တိုမိုရီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ကစားသမားနဲ့ ကလပ်အသင်းကြား စာချုပ်သစ်အတွက် ဇွန်လကတည်းက ယေဘုယျအားဖြင့် သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေအတွက် မနေ့ကပဲ ထပ်မံ ဆွေးနွေးခဲ့ကြပါတယ်။
လေဗာကူဆင်အသင်းမှာ ကစားနေတဲ့ တိုက်စစ်ကစားသမားလေး အီကာ ဘရာဗို ကို အက်သလက်တီကို မက်ဒရစ် အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပေမဲ့လည်း ကစားသမားဖြစ်သူကတော့ အက်သလက်တီကိုရဲ့ မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကိုသာ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။
ပီအက်စ်ဂျီကနေ ရိုးမားအသင်းထံ အငှားနဲ့ ပြောင်းရွှေ့သွားတဲ့ ဝိုက်နယ်ဒန်က အသင်းဖော်ဟောင်း ဆာလာနဲ့ ဟာကိမိ တို့က ရိုးမားအသင်းကို ရွေးဖို့ တိုက်တွန်းခဲ့ကြကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။