ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ အတွက် ဂုရုကြီး ပေါမာဆင် ရဲ့ သုံးသပ် ခန့်မှန်းချက်များ ထွက်ပါပြီ

သုံးသပ်ရေး ဆရာကြီး ဂန်းနားဟောင်းကြီး ပေါမာဆင် ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲတွေ အတွက် ခန့်မှန်းချက်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အာဆင်နယ် – လက်စတာစီးတီး

ဒီရာသီမှာ လက်စတာ ကို စိတ်ပူမိတယ်။ အသင်းရဲ့ အတွင်းပိုင်းမှာ လူမသိ သူမသိ ဖြစ်ပျက်နေတာတွေ ရှိနေပါတယ် ။ ကက်စပါ ရှမိုက်ကယ် ထွက်သွားတယ်၊ ဖိုဖာနာ ကလည်း ထွက်ရဖို့ များတယ်၊ တီလေမန်းစ် နဲ့ မက်ဒီဆင် တို့ရဲ့ အနာဂါတ် ကလည်း မရေရာပါဘူး။ ခုထိလည်း လူသစ် တယောက်မှ ရောက်မလာ သေးတဲ့ အသင်းပါ။

အာဆင်နယ် ကတော့ အဖွင့်ပွဲ ကို လှလှပပ ခင်းကျင်း ထားပါတယ်။ ဂျေဆု ကတော့ ပွဲစဉ် ၁ မှာ မရှာတွေ့ နိုင်ခဲ့တဲ့ ဂိုးပေါက် ကို အခုပွဲမှာ ရှာတွေ့ နိုင်အောင် ကြိုးစားမှာပါ။

လက်စတာ ရဲ့ ခံစစ်က အာဆင်နယ် တိုက်စစ်ကို ဘယ်လောက်ထိ တောင့်ခံ နိုင်မလဲ ဆိုတာက အဓိက ကျတဲ့ အဖြေဖြစ်လာနိုင်ပါတယ်။ အာဆင်နယ် သာ ဂိုးစော ရမယ်ဆိုရင် ဂိုးပြတ်ဖို့ ခက်မှာမဟုတ်ပါဘူး။

ခန့်မှန်းချက် – အာဆင်နယ် ၃ – ၀ လက်စတာ

မန်ချက်စတာ စီးတီး – ဘုန်းမောက်

စီးတီး ဂိုးဘယ်လောက် နဲ့ နိုင်မလဲ ၊ အာလင်း ဟာလန်း ဘယ်နှဂိုးသွင်းမလဲ ဆိုတာပဲ မေးရမှာပါ။ ဘုန်းမောက် အတွက် မန်စီးတီး ကို ယှဉ်နိုင်ဖို့ မပြောနဲ့ သရေ ရလဒ်တောင် မျှော်မှန်း နိုင်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်။ဘုန်းမောက်တို့ အဖွင့်လှထား ပေမယ့် မန်စီးတီ နဲ့ ဗီလာ က တခြားစီပါ။

ဝက်စ်ဟမ်း နဲ့ ပွဲမှာ ဟာလန်း ရဲ့ အလားအလာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ ထားပြီး ကြပါပြီ။ ဒီလူငယ်လေး ဟာ ဒီနှစ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် တကယ် အားကောင်းတဲ့ ယှဉ်ပြိုင်သူ ဖြစ်လာမှာပါ။ ဒီပွဲမှာလည်း သူ ဂိုးတွေ ထပ်ရဦးမှာပါပဲ။

ခန့်မှန်းချက် – မန်စီးတီး ၄ – ၀ ဘုန်းမောက်

ဘရန့်ဖိုဒ့် – မန်ချက်စတာ ယူနိုက်တက်

ယူနိုက်တက် တို့ အနိုင် ကို မဖြစ်မနေ လိုအပ်နေပါပြီ။ ဒါပေမယ့် ဘရန့်ဖိုဒ့် ကွင်းမှာ သူတို့ ရှာတွေ့ နိုင်ပါ့မလား။

အိမ်ရှင် အသင်းဟာ အဖွင့် ပွဲစဉ်မှာ လက်စတာ ကို ၂ ဂိုး ရှုံးနေရာကနေ သရေ ပြန်ကျအောင် တိုက်ပွဲဝင်နိုင် ခဲ့ပါတယ်။ အခုလည်း ဒီလို စိတ်ဓါတ်မျိုးနဲ့ ယူနိုက်တက် ကို ရင်ဆိုင်မှာပါ။

ဒီတပွဲတော့ ခရစ္စတီယာနို ရိုနယ်ဒို ကို ပွဲထွက် စာရင်းမှာ မြင်ရနိုင်ပါတယ် ။ ရိုနယ်ဒို အသင်းပြောင်းမယ့် ကိစ္စတွေက အဆုံးသတ်သွားပြီလား သေချာမသိပါဘူး၊ ဒါပေမယ့် အသင်းမပြောင်းဖြစ် တော့ဘူး ဆိုရင်လည်း ရိုနယ်ဒို ပါတဲ့ အစီအစဉ် ကို တန်ဟတ် စပြီး သုံးဖို့ သင့်ပါပြီ။ ဘာလို့လည်း ဆိုတော့ ရိုနယ်ဒို ဟာ လက်ရှိ ယူနိုက်တက် တိုက်စစ်သမားတွေထဲမှာ ဂိုးသွင်း အသေချာဆုံး ဖြစ်လို့ပါပဲ။

ဘရန့်ဖိုဒ့် ဒီပွဲကို ရှုံးနိုင်တဲ့ အလားအလာမျိုး မတွေ့မိပါဘူး။ သူတို့ဟာ စိတ်ဓါတ် ကောင်းတ၊ ညီညွတ်တယ်၊ အဆုံးထိ တိုက်ပွဲဝင်လိုတဲ့ စိတ် နဲ့ အားအင်တွေ ရှိကြပါတယ်။ ဒါတွေက ယူနိုက်တက် ရှာဖွေ နေရသေးတဲ့ အရာတွေပါ။

ခန့်မှန်းချက် – ဘရန့်ဖိုဒ့် ၁ – ၁ မန်ချက်စတာ ယူနိုက်တက်

ချဲလ်ဆီး – တော့တင်ဟမ် ဟော့ စပါး

တကယ်စိတ်ဝင်စားစရာ ကောင်းမယ့် ပွဲပါပဲ။ သူတို့ ၂ သင်းကြားက အားပြိုင်မှု တခုတည်းကြောင့် မဟုတ်ပါဘူး။ ချဲလ်ဆီး က စပါး ကို မနှစ်တုန်းက ၄ ကြိမ်တောင် အနိုင်ရထားခဲ့ ပါတယ်။ အမှတ်ပေး ဇယား မှာလည်း ၁၀ မှတ်ကျော်တောင် ကွာဟပြီး အဆုံးသတ်စေခဲ့တာပါ။ စပါးတို့ ဘယ်လောက် ကောင်းကောင်း ချဲလ်ဆီး အတွက် မှုစရာ မရှိဘူးဆိုတဲ့ သဘောကို ဆောင်နေသလိုပါပဲ။

ဒါကို ဒီရာသီမှာ စပါး ချိုးဖျက်ပြနိုင် မလား ဆိုတာက စိတ်ဝင်စားစရာ အကောင်းဆုံး မေးခွန်း ဖြစ်နေမှာပါ။ ပွဲစဉ် ၁ မှာ စပါး က ဖြစ်ချင်တဲ့ ပုံစံ ဖြစ်ချင်တဲ့ ရလဒ်အတိုင်း ဖွင့်နိုင်ခဲ့ ပေမယ့် ချဲလ်ဆီး ကတော့ အဲဗာတန် ကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင် ကစားနိုင်ခဲ့ပါတယ်။

ဒီတပွဲမှာသာ စပါး တို့ ချဲလ်ဆီး ကို ထပ်ပြီး အရေးနိမ့်ဦးမယ် ဆိုရင်တော့ လန်ဒန် သားတွေရဲ့ စိတ်ထဲမှာ ချဲလ်ဆီး အပေါ်ကို ရောက်နိုင်တော့မှာ မဟုတ်ဘူး ဆိုတဲ့ စွဲလမ်းမှုတွေ ဝင်ရောက်သွားနိုင်ပါတယ်။ စပါး ရဲ့ ချန်ပီယံဆု စိန်ခေါ် နိုင်စွမ်းကိုပါ မေးခွန်းထုတ်ကြတော့မှာပါ။

ဒီပွဲက ချဲလ်ဆီး ထက် စပါး ရဲ့ စမ်းသပ်ချက် လို့ ပြောရင် ပိုပြီး မှန်နိုင်ပါတယ်။ ကြည့်လို့ ကောင်းပြီး အနိုင်အရှုံး အဖြေထွက်ဖို့ ခက်ခဲမယ့် ပွဲပါပဲ။

ခန့်မှန်းချက် – ချဲလ်ဆီး ၁ – ၁ တော့တင်ဟမ် ဟော့စပါး

လီဗာပူး – ခရစ္စတယ်ပဲလေ့စ်

ပွဲစဉ် ၁ က ဆုံးရှုံးခဲ့တဲ့ အမှတ်တွေကို ဒီတပတ်မှာ လီဗာပူးတို့ ပြန်ဆယ်ဖို့ လိုအပ်ပါတယ်။ တာထွက် မှာတင် စီးတီး ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်ခဲ့တာက လီဗာပူး အတွက် နစ်နာစပါပဲ။

ပဲလေ့စ် ကလည်း အဖွင့်ပွဲမှာ မျက်နှာ မလှခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူး ရဲ့ ကစားပုံဟာ ပဲလေ့စ် ကို တန်ပြန် တိုက်စစ် ဆင်ဖို့ အခွင့်အရေးတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကို သူတို့ ဘယ်လောက် အသုံးချနိုင်မလဲ ဆိုတာပဲ အရေးကြီးတာပါ ။

ဒီပွဲဟာ လီဗာပူး အတွက် ခက်ခဲ နိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာသာ အမှတ်ထပ်လျော့ သွားမယ်ဆိုရင် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ အများကြီး ဖြစ်လာမှာပါ။ ကလော့ ဒါမျိုး အဖြစ် ခံမှာ မဟုတ်ပါဘူး။ ဒီတပတ် မှာတော့ ဒါဝင် နူညက်ဇ် ကို ပွဲထွက်ဖို့ သင့်ပြီလို့ ထင်ပါတယ်။ သူ့ဆီက သွင်းဂိုးတွေကို လီဗာပူး တို့ အားထားရနိုင်မှာပါ။

ခန့်မှန်းချက် – လီဗာပူး ၂ – ၀ ပဲလေ့စ်

အခြားပွဲစဉ် ခန့်မှန်းချက်များ

အက်စတွန် ဗီလာ ၂ – ၀ အဲဗာတန်

ဆောက်သမ်တန် ၂ – ၁ လိဒ်ယူနိုက်တက်

ဘရိုက်တန် ၁ – ၁ နယူးကာဆယ်

ဝုဗ် ၂ – ၁ ဖူလ်ဟမ်

နော်တင်ဟမ် ဖောရက်စ် ၁ – ၂ ဝက်စ်ဟမ်း ယူနိုက်တက်