ဘလွန်းဒီအော ဆန်ခါတင်မှာ မက်ဆီ မပါဘဲ ဖလားတစ်လုံးမှ မရခဲ့တဲ့ ရော်နယ်ဒို ပါဝင်လို့ ဝေဖန်မှုတွေ မြင့်တက်နေ
ဘလွန်းဒီအော ဆု ဆန်ခါတင် အယောက် ၃ဝ စာရင်း ထွက်ပေါ်လာခဲ့ရာမှာတော့ ပါဝင်နေကျ လီယွန်နယ် မက်ဆီ တစ်ယောက် ဒီနှစ် မပါဝင်လာတော့ပါဘူး။ မက်ဆီဟာ ဘလွန်းဒီအော ဆုကို (၇) ကြိမ် ရရှိထားခဲ့ဖူးသူဖြစ်တဲ့ အခမ်းနားဆုံး ကစားသမားတစ်ယောက်ပါ။
ပြီးခဲ့တဲ့နှစ်က မက်ဆီအနေနဲ့ ပီအက်စ်ဂျီမှာ ရုန်းကန်ခဲ့ရပြီး ခြေစွမ်း အကောင်းဆုံး အနေအထားမှာ မရှိခဲ့ပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ မက်ဆီထက်ပိုပြီး တောက်ပခဲ့တဲ့ ကစားသမားတွေ ရှိခဲ့ကြလို့ မက်ဆီတစ်ယောက် ဒီနှစ်အတွက ဘလွန်းဒီအော ဆု မရနိုင်လောက်ဘူးဆိုတာကိုတော့ ပရိသတ်တွေ သဘောပေါက် လက်ခံထားခဲ့ကြပါတယ်။
ဒါပေမဲ့ မက်ဆီ ဆန်ခါတင်အယောက် (၃၀) စာရင်းမှာ မပါဝင်ခဲ့တဲ့အထိ ဖြစ်သွားတာကို ပရိသတ်တွေက လက်မခံနိုင်ဖြစ်နေကြတာပါ။ မက်ဆီဟာ ၂၀၀၆ တည်းက စလို့ ဘလွန်းဒီအော ဆန်ခါတင်စာရင်းမှာတော့ ပါဝင်နေကြပြီး အခုလို လွဲချော်ခဲ့တာ သူ့ကစားသမားဘ၀ ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က ရုန်းကန်ခဲ့ရတယ်ဆိုပေမဲ့ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲကစားခဲ့ရာမှာ ၁၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၃၆ ကြိမ်ပြုလုပ်ကာ ပြင်သစ်လီဂူးချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

တဖက်မှာ အသက် ၃၇ နှစ်အရွယ် မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဘာဖလားမှ မရဘဲ ဘလွန်းဒီအောဆု ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့တာကို ပရိသတ်တွေက နှိုင်းယှဉ် ထောက်ပြခဲ့ကြပါတယ်။
“ဒီနှစ် Ballon d’Or ပေးပွဲက လုံးဝရယ်စရာကောင်းတယ်”
”မက်ဆီအနေနဲ့ ဆန်ခါတင်အယောက် (၃၀) စာရင်းမှာ မပါဝင်နိုင်တာ လုံးဝလက်မခံနိုင်စရာပါ” စသဖြင့် မှတ်ချက်တွေ ပြုခဲ့ပါတယ်။
မက်ဆီသာမကဘဲ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကလည်း ဆန်ခါတင် အယောက် (၃၀) စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် ပရိသတ်တစ်ဦးက မက်ဆီနဲ့ နေမာတို့ မပါဝင်တဲ့ ဘလွန်းဒီအော ဆု ဆန်ခါတင်စာရင်းက ဘာ အဓိပ္ပာယ်မှ မရှိဘဲ ရုပ်ပေါက်လွန်းတယ်လို့ ဆိုခဲ့ပါတယ်။