ပရီးမီးယားလိဂ်မှာ ခုထိ နိုင်ပွဲ မရသေးဘဲ မဟာပြိုင်ဘက် မန်စီးတီးနဲ့ ၄မှတ် ပြတ်သွားတဲ့ လီဗာပူး
လီဗာပူးကတော့ ဒီနှစ် ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲတွေမှာ တောက်လျှောက်ရုန်းကန်နေရပြီး အခုထိ နိုင်ပွဲ မရသေးပါဘူး။ လီဗာပူးဟာ မနေ့ညက အိမ်ကွင်းမှာပါ ခရစ္စတယ်ပဲလေ့စ်ကို သရေ ကျခဲ့ပြန်ပါတယ်။
ဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်က ဇာဟာ၊ အက်ဇီတို့ရဲ့ တန်ပြန်တိုက်စစ်တွေကို လီဗာပူးတို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး ပေးလိုက်ရတဲ့ဂိုးကလည်း ဒီကစားသမားနှစ်ယောက်ရဲ့ အတွဲအဖက်ကြောင့်ပါပဲ။
မာနေးမရှိတဲ့ တိုက်စစ်ပိုင်းက သိသိသာသာရော၊ မသိမသာပါ အရှိန်အဝါကျဆင်းလာခဲ့ပြီး ဆာလာ၊ ဒါဝင်နူးနက်ဇ်၊ ဒီယက်ဇ်တို့ ရုန်းကန်ခဲ့ရပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း မီလ်နာ၊ အီလီယော့၊ နောက်တန်းမှာလည်း နသန်ဖီးလစ် ပွဲထွက်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကတော့ သူတို့အတွက် တခုတည်းသော ရွေးချယ်စရာအဖြစ် ခံစစ်ကိုသာ အသေပိတ် ကစားခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးတို့ ဖိကစားရင်းနဲ့ပဲ တန်ပြန်တိုက်စစ်ကတဆင့် အက်ဇီ ဖန်တီးပေးတာကို ဇာဟာက လူကျွံ ထောင်ချောက်ကို လွတ်လွတ်ကျွတ်ကျွတ် ဖောက်ထွက်ပြီး ကန်သွင်းခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ နူးနက်ဇ်တယောက် မလုပ်သင့်တဲ့လုပ်ရပ်ကြောင့် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံလိုက်ရပါတယ်။ ပြိုင်ဘက်က ဆွကစားတဲ့ဒဏ်ကို မခံနိုင်ခဲ့တာကိုလည်း ဒီဖြစ်ရပ်က သက်သေပြခဲ့ပါတယ်။

အန်ဒါဆန်က သူ့ကို ရိကစားခဲ့ပြီး နူးနက်ဇ်တယောက် ခေါင်းနဲ့ အသားလွတ်တိုက်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ထိခဲ့ပါတယ်။ ဒါတောင်မှ ကွင်းထဲကနေ ချက်ချင်း မထွက်ဘဲ ဒိုင်လူကြီးကို ရန်တွေ့နေသေးလို့ ကလော့ပ်ကပါ သူ့ကို လှမ်းအော်ပြီး ကွင်းထဲက ထွက်ခိုင်းခဲ့ရပါတယ်။
လီဗာပူးတို့ ကံကောင်းသွားတာက ဒီဖြစ်ရပ်အပြီး မကြာခင်မှာတင် ဒီယက်ဇ်ရဲ့ ချေပဂိုးရခဲ့တာပါ။ ဒါပေမယ့်ပွဲပြီးတဲ့အထိ အနိုင်ဂိုးမရခဲ့တာကြောင့် တဂိုးစီသရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
လီဗာပူးက အဖွင့်ပွဲအဖြစ် တန်းတက်ဖူလ်ဟမ်နဲ့ အဝေးကွင်းမှာလည်း နောက်တန်းက အားနည်းချက်တွေများပြားခဲ့ပြီး အခု ဒီပွဲမှာလည်း ဇာဟာ ကို အသည်းအသန် ထိန်းချုပ်ခဲ့ရပါတယ်။
လီဗာပူးဟာ တဦးချင်းအလိုက်ရော၊ အသင်းလိုက်ပါ ခံစစ်တန်းက ခြေစွမ်းကျဆင်းနေပြီး တိုက်စစ်ပိုင်းကပါ ရုန်းကန်နေရပါတယ်။ လီဗာပူးဟာ ရာသီအဖွင့်နှစ်ပွဲအပြီးမှာ နှစ်မှတ်သာ ရထားပြီး မဟာပြိုင်ဘက် မန်စီးတီးနဲ့ ၄မှတ် ပြတ်နေပြီ ဖြစ်ပါတယ်။